ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးနှင့်ဆက်နွှယ်နေသော နိုင်ငံရေးသမားတစ်ဦးကို ကူညီခဲ့သည့်ရဲများအား ဒေါ်လာ ၄၀၀၀၀ ဆုငွေ ထုတ်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးနှင့်ဆက်နွှယ်နေသော နိုင်ငံရေးသမားတစ်ဦးကို ကူညီခဲ့သည့်ရဲများအား ဒေါ်လာ ၄၀၀၀၀ ဆုငွေ ထုတ်
Published 10 August 2017

သြဂုတ် ၉ ရက်က မနီလာမြို့ရှိ ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့ရုံးချုပ်တွင် သံခမောက်ဆောင်းထားသည့် ဒူတာတေးကို တွေ့ရစဉ်

မူးယစ်ဆေးနှင့် ဆက်နွှယ်နေသော နိုင်ငံရေးသမားတစ်ဦးကို ကူညီခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စွပ်စွဲထားသည့် ရဲများကို ဒေါ်လာ ၄၀၀၀၀ ဆုငွေထုတ်ကြောင်း သမ္မတရိုဒရီဂိုဒူတာတေးက သြဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။ အငြင်းပွား မူးယစ်ဆေး နှိမ်နင်းရေးစစ်ပွဲတွင် ဒူတာတေးက လုပ်ဖော်ကိုင်ဖက်ရဲများအား သတ်ရန် ရဲများကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၃၀ ရက်က မူးယစ်နှိမ်နင်းရေး စစ်ဆင်ရေးတွင် အသတ်ခံခဲ့ရသော ဖိလစ်ပိုင် မြို့တော်ဝန်တစ်ဦးကို ကူညီခဲ့သည်ဟု စွပ်စွဲခံရသည့် ရဲများအား အသေရရ အရှင်ရရ ဒေါ်လာ ၄၀၀၀၀ ပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသား ရဲဌာနချုပ်တွင် ပြောကြားသည့် မိန့်ခွန်း၌ ဒူတာတေးက ဆုငွေကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“အဲဒီရဲတွေ သူတို့ခေါင်းကို မြဲအောင်ကြိုးစားကြပါ။ ခေါင်းတစ်ခေါင်းကို ပီဆိုနှစ် သန်း (ဒေါ်လာ ၄၀၀၀၀) လို့ ကျွန်တော်ကြေညာပါတယ်။ အဲဒီရဲတွေကိုဖမ်းဖို့ ခင်ဗျားတို့  ခွင့်ယူမယ်ဆိုရင် လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

အဆိုပါရဲများအား အသေရရ အရှင်ရရ ဆုငွေပေးမည်ဖြစ်ပြီး အသေကို ပိုလိုချင်ကြောင်း ဒူတာတေးက ထပ်မံပြောကြားခဲ့သည်။ တောင်ပိုင်းရှိ အိုဇာမစ်မြို့တွင် ဇူလိုင် ၃၀ ရက်က မူးယစ်ဆေးနှိမ်နင်းမှု စစ်ဆင်ရေးတွင် မြို့တော်ဝန် ရေနာဒိုပါရိုဂျီနော့သည် ဇနီးဖြစ်သူနှင့်အတူ သေဆုံးခဲ့သည်။ ယင်းမြို့တော်ဝန်နှင့်အတူ လုပ်ကိုင်နေသော ရဲများရှိကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် အနေဖြင့် မြို့တော်ဝန်နှင့်အတူ ၁၅ ဦးအား သတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း ပါရိုဂျီနော့၏ ရှေ့နေက မြို့တော်ဝန်နှင့် အခြားသူများသည် ခုခံခဲ့ ခြင်းမရှိကြောင်း အခိုင်အမာ ပြောကြားထားသည်။ ပါရိုဂျီနော့သည် မူးယစ်မှောင်ခိုကူးနေကြောင်း ဒူတာတေးက စွပ်စွဲထားသည်။

ဒူတာတေးက ယင်းမြို့တော်ဝန်နှင့် အခြားသူများအား သတ်ခဲ့သည့် ရဲများကို ဥပဒေအရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း သြ ဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ ယင်းရဲများသည် လူသတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့လျှင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ပြင်းပြင်းထန်ထန်ဆောင်ရွက်မည်ဟု ကတိပေးခဲ့ပြီးနောက် ဒူတာတေးသည် ပြီးခဲ့သည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရရှိခဲ့သည်။

သမ္မတဖြစ်လာခဲ့ပြီးနောက် ဒူတာတေး၏ မူးယစ်ဆေးနှိမ်နင်းရေး စစ်ဆင်ရေးများတွင် လူ ၃၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ မူးယစ်ဆေးနှင့်ဆက်နွှယ်သော ရာဇဝတ်မှုများ၌ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ရှင်းပြ၍ မရနိုင်သောအခြေအနေတွင် သေဆုံးခဲ့သူ အမြောက်အမြားရှိကြောင်း အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဒူတာတေးက မူးယစ်ဆေးစွဲသူ သုံးသန်းကို ပျော်ရွှင်စွာသတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent