NCA ထိုးထားသည့်အဖွဲ့နှင့် မထိုးသေးသည့်အဖွဲ့များအကြား သိသာထင်ရှားသည့်အခွင့်အရေးကွာခြားမှုများ စီမံဖန်တီးပေးရန်လိုကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ပြောကြား

NCA ထိုးထားသည့်အဖွဲ့နှင့် မထိုးသေးသည့်အဖွဲ့များအကြား သိသာထင်ရှားသည့်အခွင့်အရေးကွာခြားမှုများ စီမံဖန်တီးပေးရန်လိုကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ပြောကြား
Published 18 January 2018

ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ NRPC တွင်ပြုလုပ်သော (၁၄) ကြိမ်မြောက် JMC-U အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် Bilateral (ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်) ရေးထိုးထားသည့်အဖွဲ့များ (သို့မဟုတ်) အခြားနည်းဖြင့်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သိသာထင်ရှားသည့် အခွင့်အရေးကွာခြားမှုများ စီမံဖန်တီးပေးရန်လိုကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ဦးပြည့်စုံက ပြောကြားသည်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇန်နဝါရီ ၁၇ ရက်က စတင်ကျင်းပသည့် (၁၄) ကြိမ်မြောက် JMC-U အစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

NCA မရေးထိုးရသေးသည့် အဖွဲ့များတွင် Bilateral လုပ်ထားသည့်အတွက်ကြောင့် အတိုင်းအတာတစ်ခုအထိ ပစ်ခတ်တိုက်ခိုက်မှုများ ၎င်းတို့နယ်မြေတွင်မရှိကြောင်း၊ ထိုသို့မရှိသော်လည်း ပြန်လည်စဉ်းစားသည့်အခါ ၎င်းအဖွဲ့များသည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များထက် အခွင့်အရေးပိုရနေသလိုဖြစ်နေကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များသည် မည်သည့်ကိစ္စရပ်များ လုပ်ရမည်၊ မလုပ်ရမည် စသည်ဖြင့် စည်းကမ်းချက်များ သတ်မှတ်ထားကြောင်း ဦးပြည့်စုံက ပြောကြားသည်။

“သူတို့ကျတော့ အဲဒီစည်းကမ်းချက်တွေ လိုက်လိုက်မလိုက်လိုက်၊ Bilateral ထဲမှာ အတိအကျဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ JMC မှာပါဝင်နေတဲ့ လက်မှတ်ရေးထိုးပြီးသား ပုဂ္ဂိုလ်အဖွဲ့အစည်းတွေမှာတော့ ဒီဟာတွေက တိတိကျကျ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လက်မှတ်ရေးထိုးပြီးသားအဖွဲ့နဲ့ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေကြားမှာ ထင်ရှားမြင်သာတဲ့ အခွင့်အရေးတွေ၊ ကွာဟမှုတွေရှိအောင် စီမံဖန်တီးပေးဖို့ လိုမယ်လို့ထင်ပါတယ်။ ဒါကလည်း အဓိကတော့ JMC နဲ့ အချို့နေရာတွေမှာဆိုင်သော်လည်းပဲ အဓိကအားဖြင့်တော့ Higher Policy နဲ့ ပိုဆိုင်ပါလိမ့်မယ်။ Higher Policy ဆိုတဲ့ဟာ ဒီမှာဘာကြောင့်တင်ပြသလဲဆိုရင် ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အစရှိတဲ့ပုဂ္ဂိုလ်များအပါအဝင် တချို့သောပုဂ္ဂိုလ်များသည် ဒီထက်အဆင့်မြင့်တဲ့လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပတ်သက်နေတာကြောင့် ကျွန်တော် ဒီဟာကိုတင်ပြခြင်းဖြစ်ပါတယ်။ ဘယ်လိုလုပ်နိုင်သလဲဆိုရင် အကြမ်းဖျင်းအားဖြင့် ပြောရရင် ကျွန်တော်တို့က Timeframe တစ်ခုသတ်မှတ်ပြီးတဲ့အခါကျတော့မှ လက်မှတ်ရေးထိုးပြီးသားအဖွဲ့ဟာ ဒီအချိန်မှာ ဒီလောက်၊ ဒီအချိန်ကျရင်ဒီလောက်။ ဟိုအဖွဲ့တွေက အဲဒါတွေကိုရမှာမဟုတ်ပါဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်လာမလဲဆိုရင် လက်မှတ်မထိုးသေးတဲ့အဖွဲ့များကလည်းဟာ တို့နောက်ကျကျန်နေလိမ့်မယ်။ လက်မှတ်ရေးထိုးဖို့လိုအပ်တယ်ဆိုတဲ့ အသိအမြင်မျိုးတွေ ဝင်သွားနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ စဉ်းစားမိလို့ တင်ပြခြင်းဖြစ်ပါတယ်” ဟု ဦးပြည့်စုံက ပြောကြားသည်။

ထို့ပြင် NCA စာချုပ်အရ ဆောင်ရွက်နေသော JICM၊ JMC စသည့်ကဏ္ဍများတွင် ချမှတ်ပေးထားသည့်မူဝါဒများကို အကောင်အထည်ဖော်သည့်အခါ JMC အဖွဲ့အစည်းသည် ရလဒ်အဖြေအတိုင်းအတာတစ်ခုအထိ အောင်မြင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် ငြိမ်းချမ်းရေးရရှိရေး သန္နိဋ္ဌာန်ခိုင်မြဲရန် ဦးပြည့်စုံက JMC အဖွဲ့ဝင်များအား တိုက်တွန်းပြောကြားသည်။

“ပြည်သူလူထုကြားထဲမှာ JMC ဆိုတဲ့ စကားလုံးကအစ လုပ်ငန်းတာဝန်တွေဟာစိမ့်ဝင်နေပြီဆိုတာ ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်။ ဒါဟာလည်း ဥက္ကဋ္ဌအမှူးပြုတဲ့ အဆင့်ဆင့်သော တာဝန်ရှိတဲ့ပုဂ္ဂိုလ်များရဲ့ ကြိုးစားဆောင်ရွက် အကောင်အထည်ဖော်မှုကြောင့်ဖြစ်တယ်လို့ ဒီလိုအသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အခုနှစ်နှစ်ရှိပြီလို့ ပြောလို့ရပါတယ်။ နှစ်နှစ်ကျော်ရင် နောက်ထပ်ဘယ်လောက်ကြာဦးမယ်ဆိုတာတော့ ကျွန်တော်တို့ခန့်မှန်းလို့မရပါဘူး။ သို့သော်လည်းပဲ အချိန်ကြာလာတာနဲ့အမျှ လူ့သဘာဝအရ ငြီးငွေ့လာတာတို့ တဖြည်းဖြည်းနဲ့ အားလျော့သွားတာတို့ ဒါမျိုးတွေဟာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကအစ အဆင့်ဆင့်သော JMC မှာ တာဝန်ထမ်းဆောင်နေကြတဲ့ပုဂ္ဂိုလ်များဟာ ငြိမ်းချမ်းရေးခရီးဟာ ဘယ်လောက်ပဲကြာကြာ ဘယ်လောက်ပဲရှည်ရှည် မဖြစ်ဖြစ်အောင် မရရအောင် ဆောင်ရွက်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ကို ခိုင်မာစွာရရှိနေဖို့ လိုအပ်ပါတယ်” ဟု ဦးပြည့်စုံက ပြောကြားသည်။

(၁၄) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent