တောင်ကြီးမြို့တွင် လူမြင်ကွင်း၌ အရက်သေစာသောက်စားခြင်း မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်

တောင်ကြီးမြို့တွင် လူမြင်ကွင်း၌ အရက်သေစာသောက်စားခြင်း မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်
Published 18 January 2018

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် အများပြည်သူသွားလာရာနေရာ၊ လူမြင်ကွင်းများတွင် အရက်သေစာသောက်စားမူးယစ်ခြင်း မပြုလုပ်ကြရန် ဒေသန္တရအမိန့်ကို ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနံဘေး၊ ညဈေးနာရီစင်၊ အိမ်တော်အတက်လမ်းနှင့် ထင်းရှူးတောတို့တွင် အရက်သေစာသောက်စားခြင်းများ ပြုလုပ်နေသဖြင့် ဒုစရိုက်မှုများကျူးလွန်ခြင်းမရှိစေရန် တောင်ကြီးမြို့နယ်ရဲစခန်း၊ မြို့မရဲစခန်း၊ နေရာတို့တွင် ရဲကားများရပ်ပြီး လုံခြုံရေးဆောင်ရွက်သဖြင့် အရက်သေစာသောက်စားသူ နည်းပါးလာကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင်းရှိ မြို့၄ ခုတို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသနှင့်ပတ်သက်သော ကန့်သတ်ချက်အမိန့်တစ်ရပ်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောသည်။

“ဒီနေ့ကို ဒေသန္တရအမိန့်တစ်ရပ် ထုတ်ပြန်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးလိုက်ချိန်ကစပြီးတော့ ဒေသန္တရအမိန့်ဟာ အသက်ဝင်တယ်ပေါ့။ ဒီနေ့လက်မှတ်ထိုးမယ်လေ။” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောကြားသည်။

“ကြော်ငြာချက်ထုတ်ပြီးရင် ပညာပေးကာလရှိမယ်။ ဥပဒေနဲ့ အရေးယူတဲ့ကာလရှိမယ်။ မြို့ကြီးမှာ လူတိုင်းလည်းမသိနိုင်ဘူးလေ။ ဧည့်သည်အဝင်အထွက်လည်း များတယ်လေ။ ဒေသန္တရအရဆိုရင် ထုတ်တာကတော့ ၁၁၄ နဲ့ထုတ်မယ်။ အရေးယူတာက ပုဒ်မ -၁၈၈ နဲ့ အရေးယူမယ်ပေါ့။” ဟု တောင်ကြီးမြို့မစခန်းမှူး ဒုရဲမှူး မျိုးဦးက ပြောကြားသည်။

တောင်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်နှင့် မြို့မဈေး ဆိုင်ကယ်ရပ်နားရာနေရာတို့တွင် အရက်သေစာသောက်စားသူ များပြားလာသဖြင့် အဆိုပါနေရာကို အကာအရံများနှင့် သတ်မှတ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်မှ ညွှန်ကြားချက် ပေးထားသော်လည်း၊ ယနေ့အချိန်ထိ ကာရံခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့မှ လုံခြုံရေးအတွက် ညအချိန်တွင် မြို့တွင်းလှည့်လည်ပေးလျက်ရှိကြောင်း၊ စာတိုက်အနီးတွင် မဆင်မခြင်ယာဉ်မောင်းနှင်မှုကြောင့် တောင်ကြီးတက္ကသိုလ်မှ ကထိထ သားအဖနှစ်ဦး သေဆုံးခဲ့ရခြင်း၊ တောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့တွင် ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီ ညအချိန်မတော် အရက်သေစာသောက်စားပြီး၊ ဂီတာတီးရင်း အဖွဲ့လိုက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ဖြစ်စကားများရာမှ ဓါးဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent