၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထိုင်းသို့ တရားဝင်သွားရောက်လုပ်ကိုင်သည့် အလုပ်သမား တစ်သိန်းလေးသောင်းကျော်ရှိ

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထိုင်းသို့ တရားဝင်သွားရောက်လုပ်ကိုင်သည့် အလုပ်သမား တစ်သိန်းလေးသောင်းကျော်ရှိ
Published 18 January 2018

မြဝတီနယ်စပ်မှတစ်ဆင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ခွာသူ မြန်မာအလုပ်သမားများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားဦးရေမှာ ၂၀၁၇ ခုနှစ်အတွင်း တစ်သိန်းလေးသောင်းကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အခြေခံအလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းက တိုင်းဒေသကြီးပြည်နယ်အနှံ့မှ လူငယ်လူရွယ်များကို ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရန် တွန်းအားပေးနေပြီး အခြားအိမ်နီးချင်းနိုင်ငံများအနက် ထိုင်းနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်သူ ပိုများနေကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာအလုပ်လုပ်သူ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ၁၀၆၁၁ ဦး၊ ဖေဖော်ဝါရီလအတွင်း ၃၆၁၄ ဦး၊ မတ်လအတွင်း ၁၅၆၅၆ ဦး၊ ဧပြီလအတွင်း ၉၄၃၇ ဦး၊ မေလအတွင်း ၁၂၈၇၇ ဦး၊ ဇွန်လအတွင်း ၁၅၀၇၃ ဦး၊ ဇူလိုင်လအတွင်း ၁၂၂၈၀၊ သြဂုတ်လအတွင်း ၁၆၅၆၀၊ စက်တင်ဘာလအတွင်း ၁၈၅၀၅ ဦး၊ အောက်တိုဘာလအတွင်း ၁၄၂၅၂ ဦး၊ နိုဝင်ဘာလအတွင်း ၁၂၁၆၀ နှင့် ဒီဇင်ဘာလတွင် ၁၀၆၁၇ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအလုပ်သမား ၁၄၈၉၄၂ ဦး ထိုင်းနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ငါးသန်းခန့်ရှိကြောင်း ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များက ခန့်မှန်းထားပြီး တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများမှာ လူကုန်ကူးခံရမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု၊ လုပ်အားခခေါင်းပုံဖြတ်ခံရမှုများ ခံရလေ့ရှိသည်။

ထို့ပြင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအချို့မှာလည်း မသမာသည့် အေဂျင်စီအချို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပွဲစားအချို့ကြောင့် စာချုပ်ပါအလုပ်နေရာနှင့် ကွဲလွဲမှုများ၊ စာချုပ်ပါအတိုင်း လုပ်ခမရရှိခြင်းနှင့် အကြောင်းမဲ့အလုပ်ဖြုတ်ခံရခြင်းများလည်း ရှိသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်အထိ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ် ယာယီရပ်ဆိုင်းထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ ကုမ္ပဏီစုစုပေါင်း ၁၅ ခုရှိကြောင်း သိရသည်။

Most Read

Most Recent