အမှုသက်သေခံ ဟီးနိုးရိန်းဂျားယာဉ်ကို ပြည်သူ့ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံပြန်ပေးစေရေး လာဘ်ယူခဲ့သူ ဘုတလင်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် တစ်ဆင့်ခံလာဘ်ပေးခဲ့သူ အထက်တန်းရှေ့နေအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ

အမှုသက်သေခံ ဟီးနိုးရိန်းဂျားယာဉ်ကို ပြည်သူ့ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံပြန်ပေးစေရေး လာဘ်ယူခဲ့သူ ဘုတလင်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် တစ်ဆင့်ခံလာဘ်ပေးခဲ့သူ အထက်တန်းရှေ့နေအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
Published 18 January 2018

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တရားရုံး ရာဇသတ်ကြီးမှုအမှတ် ၂၂၇/ ၂၀၁၆ သစ်တောဥပဒေ ပုဒ်မ ၄၁ (က) အရ စွဲဆိုသောအမှုတွင် သက်သေခံ ဟီးနိုးရိန်းဂျား ခြောက်ဘီးယာဉ်အမှတ် ဈ/----အား ပြည်သူ့ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံပြန်ပေးစေရေးအတွက် ယင်းအမှုတရားခံထံမှ ဘုတလင်မြို့နယ်တရားသူကြီးနှင့် ဘုတလင်မြို့နယ် ဥပဒေအရာရှိတို့က အထက်တန်းရှေ့နေ ဒေါ်စုကြည်မှတစ်ဆင့် လာဘ်ယူခဲ့သဖြင့် အဆိုပါမြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိနှင့် အထက်တန်းရှေ့နေတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇန်နဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပလူဇဝကျေးရွာနေ နစ်နာသူက ဘုတလင်မြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၂၂၇/၂၀၁၆ သစ်တောဥပဒေပုဒ်မ ၄၁ (က) ဖြင့် အရေးယူခံခဲ့ရသည့် အမှုနှင့်ပတ်သက်၍ တိုင်ကြားသူ၏ မော်တော်ယာဉ် ပြန်လည်ရရှိရေးအတွက် ဘုတလင်မြို့နယ် တရားသူကြီးဒေါ်အေးအေးနွဲ့အား ကျပ် ၄၅ သိန်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယမင်းသန့်အား ကျပ် ၁၂ သိန်း စုစုပေါင်းကျပ် ၅၇ သိန်းပေးခဲ့ရခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တရားရုံး ရာဇသတ်ကြီးမှု အမှတ် ၂၂၇/၂၀၁၆ သစ်တောဥပဒေ ပုဒ်မ ၄၁ (က) အရစွဲဆိုသောအမှုတွင် သက်သေခံ ဟီးနိုးရိန်းဂျားခြောက်ဘီး ယာဉ်အမှတ် ဈ/---- အား ပြည်သူ့ဘဏ္ဍာမသိမ်းဘဲ ပိုင်ရှင်ထံပြန်ပေးစေရေးအတွက် ယင်းအမှုတရားခံထံမှ ဘုတလင်မြို့နယ်တရားသူကြီး ဒေါ်အေးအေးနွဲ့နှင့် ဘုတလင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့်တို့က အထက်တန်းရှေ့နေ ဒေါ်စုကြည်မှတစ်ဆင့် ကျပ် ၄၅ သိန်းနှင့် ကျပ် ၁၂ သိန်း အသီးသီးရယူခဲ့ခြင်းသည် မိမိဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်ကိုအသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်း၊ မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည်သည် တရားခံများ၏ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်စဉ် တရားခံများထံမှ ငွေကြေးများရယူပြီး ဘုတလင်မြို့နယ် တရားသူကြီးနှင့် ဘုတလင်မြို့နယ် ဥပဒေအရာရှိတို့ လာဘ်ငွေရယူရာတွင် ကူညီဆောင်ရွက်ပေးသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ (တ-၂၈၀၈၊ ယခင် ဘုတလင်မြို့နယ် တရားသူကြီး)၊ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့် (ဥ-၂၉၀၆၊ ယခင် ဘုတလင်မြို့နယ်ဥပဒေအရာရှိ) နှင့် မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည် (စဉ်-၄၀၅၃၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုအရေးယူရန် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရလည်းကောင်း၊ အထက်တန်းရှေ့နေ ဒေါ်စုကြည်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇန်နဝါရီ ၁၆ ရက်က တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရလည်းကောင်း၊ မုံရွာမြို့နေ အထက်တန်းရှေ့နေ ဒေါ်စုကြည်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇/၆၃/ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရလည်းကောင်း ဘုတလင်မြို့နယ်တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက်က တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့သည်။

အစိုးရဝန်ထမ်းများ၏ လာဘ်ယူမှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၀၁၇ နိုဝင်ဘာလကုန်အထိ တိုင်ကြားမှု ၄၅၁၆ စောင်ရှိလာပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးတိုင်ကြားထားကြောင်း သိရသည်။

Most Read

Most Recent