အစ္စရေးက ဂါဇာအနီးတွင် မြေအောက်တံတိုင်း တည်ဆောက်ရန် အရှိန်မြှင့် ဆောင်ရွက်နေ

အစ္စရေးက ဂါဇာအနီးတွင် မြေအောက်တံတိုင်း တည်ဆောက်ရန် အရှိန်မြှင့် ဆောင်ရွက်နေ
Published 10 August 2017

၂၀၁၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ဂါဇာကမ်းမြောင်နှင့် ထိစပ်နေသော အစ္စရေးဘက်ခြမ်းနယ်စပ်တွင် တံတိုင်းဆောက်ရန် မြေတူးစက်များနှင့် စက်ပစ္စည်းများဖြင့် လုပ်ဆောင်နေမှုကို တွေ့ရစဉ် (Photo: AFP)

ဂါဇာကမ်းမြောင်အနီးတွင် မြေအောက်တံတိုင်းကြီးတစ်ခု တည်ဆောက်မည့်စီမံကိန်းအား အစ္စရေးက အရှိန်မြှင့်ဆောင်ရွက်နေကြောင်း အစ္စရေးစစ်ဘက်က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် စစ်ပွဲတွင် ဟားမတ်စ်တို့က တူးမြောင်းများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းအတွက် အစ္စရေး အစိုးရသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် မြေအောက်တံတိုင်းစီမံကိန်းကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များသည် တူးမြောင်းများ၏ ခြိမ်းခြောက်မှုအတွက် ပြင်ဆင်မထားခဲ့ကြောင်း ယခုနှစ်အစောပိုင်းက စုံစမ်းစစ်ဆေးမှုတစ်ခုတွင် စွပ်စွဲခဲ့သည်။

“လာမယ့်လတွေအတွင်းမှာ တံတိုင်းတည်ဆောက်ရေးကို ကျွန်တော်တို့ အရှိန်မြှင့်သွားမှာပါ” ဟု ဗိုလ်မှူးချုပ် အီရာဇာမီရာက ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။ ထိုတံတိုင်းတည်ဆောက်မှုသည် နှစ်နှစ်အတွင်းပြီးစီးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာရုံခံကိရိယာများ၊ ကွန်ကရိပျဉ်ခင်းများဖြင့် တည်ဆောက်ထားသော ထိုတံတိုင်းသည် မိုင် ၄၀ ထိ ရှည်လျားမည်ဟု အစ္စရေး စစ်ဘက်ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။ ပေ ၂၀ အမြင့်ရှိပြီး အနက် ပေ ၁၃၀ ရှိမည်ဟု ခန့်မှန်းရသော ယင်းတံတိုင်းတည်ဆောက်မှု ကုန်ကျစရိတ်သည် ဒေါ်လာ ၈၃၄ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်တို့က အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို ဝန်းရံထားသည့် နယ်စပ်ခြံစည်းရိုးနှင့်အပြိုင် အစ္စရေးပိုင်နက်အတွင်းတွင် တံတိုင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ရိုအက်ဂါလန့်က ပြောကြားခဲ့သည်။

မြေအောက်တံတိုင်း၏ ရည်ရွယ်ချက်သည် ကာကွယ်ရေးသက်သက်အတွက်သာဖြစ်ကြောင်း အမည်မဖော်လိုသော စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင် မြောက်ဘက်မှ တူးမြောင်းဝင်ပေါက်များရှိသည့် အရပ်ဘက်အဆောက် အအုံနှစ်ခုကို အစ္စရေးစစ်ဘက်က ဓာတ်ပုံများ ဖြန့်ဖြူးခဲ့သည်။

၂၀၁၄ ခုနှစ် ဂါဇာစစ်ပွဲတွင် ဟားမတ်စ်တို့က တူးမြောင်းများကို အဓိကလက်နက်အဖြစ် အသုံးပြုခဲ့သည်။ အီဂျစ်နှင့် ဂါဇာနယ်စပ်မြေအောက်တွင် တူးမြောင်းကွန်ရက်ကို ဟားမတ်စ်တို့က တည်ဆောက်ခဲ့ပြီး ကုန်ပစ္စည်းများနှင့် လက်နက်များကို တင်သွင်းခဲ့ကြသည်။

အစ္စရေးစစ်တပ်သည် ၂၀၁၄ ခုနှစ် စစ် ပွဲအတွင်း တူးမြောင်းအမြောက်အမြားများကို တွေ့ရှိဖျက်ဆီးခဲ့သည်။ အီဂျစ်ကလည်း မှောင်ခိုတူးမြောင်းများကို ဖျက်ဆီးခဲ့သည်။  ဟားမတ်စ်တို့သည် ၂၀၀၇ ခုနှစ်တွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘား၏ ဖာတာအဖွဲ့ကို ဂါဇာမှ နှင်ထုတ်ခဲ့ပြီးနောက် ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့သည်  စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ် စစ်ပွဲတွင် ပါလက်စတိုင်း ၂၂၅၁ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။ အစ္စရေးက ၇၄ ဦးသေဆုံးခဲ့ပြီး ခြောက်ဦးမှလွှဲလျှင် ကျန်လူအားလုံးသည် စစ်သားများဖြစ်ကြသည်။

 

Most Read

Most Recent