<

မြောက်ဦးမြို့၌ လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြောက်ဦးမြို့၌ လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော (MOI Webportal Myanmar) တွင် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက် အပြည့်အစုံမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက်အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့က မြောက်ဦးမြို့အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ အဆင့်ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေး ခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်းဆိုင်ကယ်အချို့ ပျက်စီးခြင်း၊ ဌာနပိုင် မော်တော်ယာဉ်အချို့ ပျက်စီးခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများ ပျက်စီးခြင်း စသည့် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

January 17, 2018














Copy Protected by Chetan's WP-Copyprotect.