မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲ ပျက်ခဲ့မှုနှင့် ပတ်သက်ပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ

မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲ ပျက်ခဲ့မှုနှင့် ပတ်သက်ပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ
Published 17 January 2018

မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲ ပျက်ခဲ့မှုနှင့် ပတ်သက်ပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ကိုးဦးထက်မနည်းရှိကြောင်း ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ရရှိသော သတင်းများအရ သိရသည်။

ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းအထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ပြာသိုလကွယ်နေ့တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ယမန်နေ့က ပြုလုပ်ရန် စီစဉ်ထားသည့် အခမ်းအနားကို ခွင့်ပြုချက် မရသည့်အတွက် ပွဲအစီအစဉ်ကို ရုပ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ အခမ်းအနား ပွဲပျက်ခဲ့ရသည့် ကိစ္စအပေါ် မကျေနပ်သဖြင့် လူအင်အား ၂၀၀၀ ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်ခန့်တွင် ခရိုင်ရဲစခန်းရှေ့သို့ ရောက်ရှိစုဝေးလာသည့် လူထုကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရာမှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ယနေ့နံနက်ပိုင်း နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူ ၁၀ ဦးထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ကိုးဦးထက်မနည်းရှိကြောင်း သိရှိရသည်။

မြောက်ဦးမြို့ဆေးရုံသို့ ရောက်ရှိနေသည့် ရခိုင်အမျိုးသားပါတီ (ရန်ကုန်တိုင်းဒေသကြီး) အတွင်းရေးမှူးဦးခိုင်မိုးက “အခုတော့ မြောက်ဦးဆေးရုံထဲမှာ လူတွေ တစ်စထက်တစ်စ များပြားလာတယ်။ လုံခြုံရေးတွေလည်းအပြည့်ချထားတယ်။ ဒီပြဿနာက ဒီဟာလည်းနဲ့ မပြီးဆုံးသေးဘူးလို့ ထင်ရတယ်။ လူတွေ သေဆုံးသွားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြဿနာ ပိုကြီးထွားလာမယ့် အရိပ်အယောင် မြင်နေရတယ်။ သေဆုံးတဲ့သူကလည်း အခုဆိုရင် ၁၀ ဦးထိ ရှိသွားပြီ။ မနေ့က အခင်းဖြစ်တဲ့နေရာတင်ပဲ လူ ၇ ဦး သေဆုံးတယ်။ ဆေးရုံပေါ်မှာ အခုဆိုရင် သုံးဦးသေတယ်။ အခုသေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၉ ဦးရှိနေပြီ။ စစ်တွေကို ငါးဦး ပို့ထားတယ်။ မြောက်ဦးဆေးရုံမှာ လေးဦးရှိတယ်။ ”ဟု ပြောသည်။

“လုံခြုံရေးကတော့ အပြည့်ချထားတယ်။ ဆေးရုံထဲမှာပဲ ရဲကား သုံးစီး လေးစီး ချထားတယ်။ ဒါပေမယ့် လူအုပ်ကလည်း များလာတယ်။ လူ ၃၀၀ ဝန်းကျင်လောက် ရှိနေပြီ။ အခုလောလောဆယ် လူအုပ်ကို တားတာ မရှိပါဘူး။ စောင့်ကြည့်နေတဲ့ အနေအထားပါ။ မြောက်ဦးမြို့ပေါ်မှာလည်း လုံခြုံရေးကားတွေ ဟိုနားတစ်စီး ဒီနားတစ်စီး တွေ့နေရတယ်။ လောလောဆယ် စစ်တပ်ကို မတွေ့ဘူး။ ရဲကားတွေကို တွေ့နေရတယ်။ စစ်တွေကို ပို့ထားတဲ့ လူနာတွေတော့ စိုးရိမ်ရတယ်လို့ သိရတယ်။ မြောက်ဦးဆေးရုံမှာရှိတဲ့ ဒဏ်ရာရသူတွေကတော့ စိုးရိမ်စရာမရှိတာကို တွေ့ရတယ်” ဟု ဦးခိုင်မိုးက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက “မနေ့ကဖြစ်စဉ်က လူအုပ်စုနဲ့ အဲဒီမှာ ဒီမြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ စုဝေးပြီးတော့ ဟောပြောပွဲပုံစံမျိုးလုပ်ဖို့ လူ ၁၅၀၀ ၊ ၂၀၀၀ လောက် စုပါတယ်။ စုပြီးတော့ အဲဒီမှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ စကားတွေ၊ အကြည်ညို ပျက်စေမယ့် စကားတွေပြောတဲ့အတွက် ဒီဘက်က ခွင့်မပြုဘူး။ ခွင့်မပြုတဲ့အပေါ်မှာ မကျေနပ်ဘဲနဲ့ဆင်းလာပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဝိုင်းပြီးတော့မှ ရန်ပြုပါတယ်။ အဲဒီအတွက် ပစ်ခတ်ဖြိုခွဲလိုက်ရပါတယ်”ဟု ပြောကြားခဲ့သည်။

ကနဦးရရှိသော သတင်းများအရ ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသူအချို့မှာ ဦးသန်းမောင် အသက် ၁၈ နှစ် (ဘ) ဦးသန်းကျော် ၊ ဇင်္ဂလကုန်းကျေးရွာ မြက်ရိတ်ကျွန်းအုပ်စု ၊ ဦးညီညီကျော် (ခ) ဦးညီဘု အသက် ၃၁ နှစ် (ဘ) ဦးဦးသန်းစိန် ဗန္ဓုလရပ်ကွက် အောင်တပ်အုပ်စု၊ မောင်နိုင်ဆန်းချေ အသက် ၂၁ နှစ် (ဘ) ဦးမောင်ကျော်စိန်၊ အောင်င်္ဂလာ အောင်တပ်အုပ်စု ၊ ဦးကျော်နိုင်ဝင်း အသက် ၂၃ နှစ် (ဘ) ဦးအောင်ကျော်ထွန်း ကြက်လျှာကျွန်း အလယ်ဈီးရပ်ကွက် ၊ မောင်ကျော်သိန်းစိုး အသက် ၁၅ နှစ် (ဘ) ဦးလှသိန်းထွန်း မဟေဂျီ အောင်တပ်ရပ်ကွက် ၊ မောင်မင်းကျော်သန်း အသက် ၁၆ နှစ် (ဘ) မောင်ထွီးညို မဟေဂျီ အောင်တပ်ရပ်ကွက်နှင့် ပုဏ္ဏားကျွန်းမှ သေဆုံးခဲ့သူတစ်ဦးမှာ နာမည်နှင့် နေရပ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

အဓိကရုဏ်းနှိမ်နင်းမှုတွင် သေဆုံးသူ မြင့်မားခဲ့ခြင်းအတွက် ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူး(ငြိမ်း) တစ်ဦးက “အီးယူသင်တန်းက အရင်လို မဟုတ်တော့ဘူး။ ညှိုနှိုင်းတာတို့၊ ဖျန်ဖြေတာတို့ အရင်စရတယ်။ သူတို့နဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာတွေပေါ့။ ဥပမာ- ဘုန်းကြီးနဲ့ဖြစ်ရင် ဘုန်းကြီးထဲက အကြီးအကဲတစ်ပါးနဲ့ တွေ့ပြီး ညှိနှိုင်းရတယ်။ ကျောင်းသားကိစ္စဆိုရင် ကျောင်းအုပ်၊ ပါမောက္ခတို့နဲ့ တွေ့ရတယ်။ ရပ်ကွက်ထဲမှာ ဖြစ်ရင်တော့ သက်ဆိုင်တဲ့ ရပ်ကွက်လူကြီးနဲ့ ရှင်းရတာပေါ့။ သူတို့နဲ့ အဆင်ပြေမယ့်သူနဲ့ သူတို့ရင်ထဲက ဖြစ်နေတဲ့ဟာကို အရင်ထိတွေ့ပေးတဲ့သဘောပဲ။ အဲဒါတွေပြီးမှ တစ်ဆင့်ချင်းသွားတာပါ။ ဝုန်းဒိုင်းသွားတဲ့ပုံစံ မဟုတ်ပါဘူး။ အရှိန်သေအောင် လုပ်ရပါတယ်။ ဥပဒေတွေကို ချပြရတယ်။ ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ အဆင့်တွေကို သူတို့သိအောင် ပြောပြရတယ်။ တစ်ချို့က မသိဘူး။ မသိတော့ လမ်းကြောင်းတွေ ဘယ်လိုရှိလဲ သူတို့ကမသိဘူး။ အဲဒီလိုရှင်းပြတာမှ မရဘဲ တိုးလာရင် ဥပဒေကို ချိုးဖောက်တာပေါ့။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ဘက်က လုပ်ကိုလုပ်မယ်ဆိုပြီး ဆက်တိုးလာရင် ဥပဒေကို ချိုးဖောက်သွားပြီ။ အဲလိုအချိန်ကျရင် သက်ဆိုင်ရာဘက်ကလည်း ဥပဒေအရ တားဆီးတာတွေ၊ ဟန့်တားတာတွေ လုပ်ရတော့မှာ။ လုံခြုံရေးနယ်မြေမှာတော့ မရဘူး။ လက်နက်ပါလာမယ် (သို့မဟုတ်) အကြမ်းဖက်လာမယ်ဆိုရင် on the spot လုပ်ရတော့မယ်။ တခြားနေရာဆိုရင်တော့ တစ်မျိုးပေါ့။ ရဲစခန်းတို့ ဘာတို့က လုံခြုံရေးကန့်သတ်နယ်မြေတွေ ဖြစ်တယ်။ ကန့်သတ်နယ်မြေထဲကို ဝင်လာမယ်ဆို မရတော့ဘူး။ တစ်ဖက်ကလည်း မလုပ်နဲ့ဆိုတာကို လုပ်တာမျိုးဆိုရင် တစ်ခုခုဖြစ်သွားနိုင်တာပေါ့။ အကောင်းဘက်နဲ့ ဝင်တာမဟုတ်ဘဲ အဆိုးဘက်နဲ့ဝင်တာဆိုရင်တော့ ဖျန်ဖြေလို့ မရတော့ဘူး။ ရဲစခန်းမပြောနဲ့ ရဲကင်းထဲ ဝင်လာတောင်မရပါဘူး။ ဟန့်တားတာကိုမှ ဝင်လာရင် လုပ်သင့်တာကို လုပ်ရမှာပါ ” ဟု ပြောကြားခဲ့သည်။

မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ဖြစ်ရတာက ငြိမ်းစုစီဥပဒေအရ အဲဒီအခမ်းအနားကို လုပ်လို့မရဘူးပေါ့နော်။ လုပ်လို့မရတဲ့အကြောင်းကို ကျွန်တော်ကတော့ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုသိအောင် ရှင်းပြခဲ့ပါတယ်။ ပထမ ရှင်းပြတဲ့အချိန်မှာ လူထုက အဲလောက်အထိ မများသေးဘူး။ လူထုက နားလည်သဘောပေါက်ကြပါတယ်။ ည ၈ နာရီကျော်လာတဲ့အခါမှ လူထုက နန်းရာကုန်းပေါ်ကို ရောက်လာတယ်။ ဒီပွဲကို ဘယ်သူတားလဲ၊ ဘယ်သူက အမိန့်ပေးလို့ ဒီပွဲကိုရပ်လိုက်ရလဲဆိုတာ လူထုက မစဉ်းစားနိုင်ဘူး။ ဆိုတော့ လူတွေက များလာတယ်။ ဒီပွဲကိုတားတာဟာ ခရိုင်ဖြစ်ရမယ်။ သို့မဟုတ် မြို့နယ်ဖြစ်ရမယ်ဆိုပြီး ဆန္ဒထုတ်ဖော်ကြမယ်ဆိုပြီးတော့ လူတစ်ထောင်လောက် အဲလိုသဘောထားရှိပါတယ်။ ဆိုတော့ သူတို့လက်ထဲမှာတော့ တုတ်ဓါးတွေ မပါဘူး။ လူစုတာနဲ့ ပွဲမလုပ်ရကောင်းလားဆိုပြီး ဒေါကန်ပြီးသွားကြတဲ့ သဘောဖြစ်တယ်။ ဆိုတော့ လမ်းပေါ်မှာတွေ့တဲ့ ခဲကို ကောက်ပြီးတော့ ခရိုင်ရုံးကို ပေါက်ကြတယ်။ ကားတွေကို ရိုက်ကြတယ်။ အဲလောက်အဆင့်ပဲ ရှိပါတယ်။ အဲဒီအဆင့်လောက်ကို လုံခြုံရေးတပ်ဖွဲ့ကတော့ပေါ့နော် လူထုကို ထိန်းတဲ့အနေနဲ့ သေနတ်ကို မိုးပေါ်ထောင်ပစ်လို့ ရပါတယ်။ ရာဘာကျည်ကို အသုံးပြုလို့ ရပါတယ်။ ဒါမှမဟုတ် မျက်ရည်ယိုဗုံး ခွဲပြီးတော့ လူစုခွဲလို့ရပါတယ်။ အခုဟာက ကျည်ဆံအစစ်ပါတဲ့ တည့်တည့်ပစ်တယ်။ လူ ၇ ယောက်လောက်တောင် သေသွားတယ်။ ဒါဟာ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့လည်း လူထုကို ထိန်းသိမ်းတဲ့အခါမှာ ဒီလိုမျိုးထိခိုက်ဒဏ်ရာရမှုတွေ၊ သေကြေပျက်စီးမှုတွေ မဖြစ်စေချင်ဘူး။ အဲဒီရဲတွေမှာလည်း လူထုကို ထိန်းတဲ့အခါမှာ ဘယ်လိုဖြိုခွဲရမလဲဆိုတာ သူတို့မှာ နည်းစနစ်တွေ ရှိပါတယ်။ အခုလို ပစ်ဖောက်တာကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ ဒီလို မျိုးဖြစ်လာရင် နည်းဗျူဟာနဲ့လုပ်ပါ။ အခုလိုမျိုးတော့ မဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်။ အခုလိုဖြစ်သွားတဲ့အပေါ်မှာ သေဆုံး၊ ဒဏ်ရရသွားတဲ့သူတွေရဲ့ မိသားစုတွေကတော့ ရင်ထဲမှာတော့ ခံစားရမယ်။ ဒီလိုမျိုး နောက်မဖြစ်အောင် တာဝန်ယူရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရဟန်းသံဃာတွေကပါ ဆိုဆုံးမတော့ ထိန်းသိမ်းပြီးတော့ ပေးထားတဲ့ ဘောင်ထဲက ဘယ်လိုဘယ်လို သွားရမလဲ။ ပေးထားတဲ့ ဥပဒေဘောင်ထဲကနေ ရသင့်ရထိုက်တာကို ဘယ်လိုမျိုး တောင်းဆိုသွားရမလဲ။ လုပ်သွားရမလဲ ဆိုတာကို ပြည်သူတွေသိအောင် ၊ မိသားစုတွေ နားလည်အောင် လူထုအုံကြွမှု မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားရမယ်လို့မြင်ပါတယ်။ ဖမ်းဆီးတာတွေတော့ မကြားရသေးပါဘူး”ဟုပြောကြားသည်။

“ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ရာဘာကျည်ဆံတွေနဲ့ သတိပေး ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မရပ်တန့်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့က ကျည်ဆံအစစ်တွေ သုံးခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးမျိုးစိုး က AFP ကို ပြောကြားခဲ့သည်။

“ငါးဦးကတော့ သေနတ်ဒဏ်ရာတွေ ရထားပါတယ်။ နောက်တစ်ဦးက အရိုက်ခံထားရပုံ ရှိပါတယ်” ဟု စစ်တွေဆေးရုံမှ ဒေါက်တာခင်မောင်သန်းက AFP ကို ပြောကြားခဲ့သည်။

ယမန်နေ့ညက ခရိုင်ရဲစခန်းရှေ့သို့ စုဝေးရောက်ရှိလာသည့် ထောင်နှင့်ချီသော လူစုကို ဖြိုခွင်းသည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ယင်းဖြစ်စဉ်အတွင်း ရှိနေသည့် ထမ္မရစ်ရပ်ကွက်သားများ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent