မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၏ ဈာပနအား တောင်အင်းမြောက်အင်း သုသာန်တွင် ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၏ ဈာပနအား တောင်အင်းမြောက်အင်း သုသာန်တွင် ပြုလုပ်
Published 17 January 2018

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ဇန်နဝါရီလ ၁၆ ရက်နံနက် တစ်နာရီခန့်က မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ရာ ဈာပနကို တောင်အင်းမြောက်အင်းတွင် မီးသြင်္ဂိုဟ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဝန်ကြီး၏ ဈာပနသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများမှ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဦးစိုင်းကျော်ဇောသည် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ဇန်နဝါရီလ ၃ ရက်က မန္တလေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာ ဇန်နဝါရီလ ၁၆ နံနက် ဝ-၂၅ နာရီက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

"ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဆိုပေမယ့် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် တာဝန်ပေးသမျှတွေ အကုန်လုပ်တယ်။ ဌာနသတ်သတ်မှတ်မှတ် မရှိပေမယ့် အားကစားပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် အနုပညာရေးရာပဲဖြစ်ဖြစ် လုပ်ကိုင်တယ်။ အစစအရာရာ ဝန်ကြီးချုပ်အားထားရတဲ့ ဝန်ကြီးတစ်ဦးပါ။ အစိုးရအဖွဲ့အတွက် လက်မောင်းတစ်ဖက် ပြုတ်သွားသလိုကို ဖြစ်ပါတယ်။ အင်မတန် စိတ်မကောင်း နမျောမိပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဝန်ကြီးကွယ်လွန်သွားခြင်းနှင့် ပတ်သက်ပြီး ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၃ ရက်နေ့က အခမ်းအနား တစ်ခုတွင် ခေါင်းမူးရာကတဆင့် အန်ခဲ့သဖြင့် ဆေးရုံတက်ခဲ့ကြောင်း၊ ဦးခေါင်းစစ်ဆေးမှုများအရ ဦးနှောက်သွေးကြောပေါက်ကာ သွေးခဲသွားသည်ကို သိရှိရသောကြောင့် လေးနာရီအတွင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ဦးနှောက်ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ဘယ်ဘက် ခြေထောက်တွင် သွေးကြောပိတ်ပြီး ယောင်နေသည့်လက္ခဏာ ပေါ်ပေါက်လာရာ အဆိုပါရောဂါအား ကုသရန်အတွက် ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ထားသည့်ဒဏ်ကြောင့် စောင့်ကြည့်စဉ်မှာပင် သွေးကြောသည် အဆုတ်ထိရောက်ကာ အဆုတ်သွေးကြောပိတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီး၏ဇနီးဖြစ်သူ ဒေါ်စိုးမမက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် မန္တလေးတိုင်းဒေသကြီး၏ လူမှုရေး ပညာရေး သာသနာရေး စသည့်တို့ကိုပါ ပူးတွဲဆောင်ရွက်နေပြီး ပုဂံယဉ်ကျေးမှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး E-Government စနစ် အကောင်ထည်ဖော်ရေး ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး ကွန်ပြူတာလုပ်ငန်းရှင်အသင်း နာယကအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ဝန်ကြီးကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ပြီဖြစ်ကာ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၃၅ လမ်း၊ ၆၆-၆၇ လမ်းကြားရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတွင် ထားရှိထားခဲ့ကာ ယနေ့ (၁၆-၁-၂၀၁၈) ညနေ ၃ နာရီတွင် တောင်အင်းမြောက်အင်း သုဿာန်သို့ ပို့ဆောင်သြင်္ဂိုဟ်ခဲ့သည်။

ဦးစိုင်းကျော်ဇောသည် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်အတွက် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၇ ဧပြီလအတွင်းကလည်း ယင်း၏ရုံးခန်းအတွင်းမှ မီးခံသေတ္တာအလုံးလိုက် ခိုးယူခံရမှု ဖြစ်ပွားခဲ့ရာ ဝန်ကြီးသေဆုံးချိန်အထိ ကျူးလွန်သူများကို ဖမ်းမိခြင်း မရှိသေးပေ။

Most Read

Most Recent