<

ဝမ်းတွင်းမြို့နယ် နဘဲကန်ကျေးရွာအနီးရှိ စမုံမြစ်ရေ တိုက်စားမှုကြောင့် တွေ့ရှိရသည့် အုတ်ရိုးတန်း နေရာသည် ပျူခေတ်ဆိုင်ရာ သာသနိက အဆောက်အအုံ မဟုတ်ဘဲ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦး ကြားရှိ သာသနိက အဆောက်အအုံတစ်ခု ဖြစ်နိုင်ဟုဆို

ဝမ်းတွင်းမြို့နယ် နဘဲကန်ကျေးရွာအနီးရှိ စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ပေါက်လာသည့် အုတ်ရိုးတန်းအား တွေ့ရစဉ်

မိတ္ထီလာခရိုင် ၀မ်တွင်းမြို့နယ် နဘဲကန် ကျေးရွာအနီးရှိ စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသည့် အုတ်ရိုးတန်းနေရာသည် မြို့ရိုး၏ အုတ်တန်းအဖြစ် မတွေ့ရှိဘဲ အပေါ်ယံမြေပြင် တွေ့ရှိရမှု၊ တွေ့မြင်ရသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ သာသနိက အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ပြီး အုတ်ရိုးတန်းနေရာသည် ပျူခေတ်ဆိုင်ရာ သာသနိက အဆောက်အအုံမဟုတ်ဘဲ အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦးကြားရှိ သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်ဟု ခန့်မှန်သုံးသပ်ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောကြားသည်။

အဆိုပါ ၀မ်းတွင်းမြို့နယ် နဘဲကန်ကျေးရွာအနီးရှိ စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်သည့် အုတ်ရိုးတန်းနေရာကို ဒေသခံများ ပျူခေတ်မြို့ဟောင်း တွေ့ရှိသည်ဟု ပြောကြားလာမှုကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှရွှေ ခေါင်းဆောင်ပြီး မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရာတွင် ပျူခေတ်ပုံစံအုတ်ချပ်များ မတွေ့ဘဲ အင်းဝေခတ်နှင့် ကုန်ဘောင်ခေတ်ဦးပိုင်း အသုံးပြုခဲ့သည့် အုတ်ချပ်ပုံစံများသာ တွေ့ရသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲထံမှ သိရသည်။

‌“နဘဲကန်ရွာမှာရှိတဲ့ ဒေသခံတွေပူးပေါင်းပြီး မေးတယ်။ အခုတွေ့တဲ့နေရာတွေက ယခင်တုန်းက ရွာဟောင်းကုန်း ရှိခဲ့တဲ့နေရာလို့ ဒေသခံဦးစံရင်ဆိုသူက ပြောတယ်။ ကျွန်တော်တို့က တွေ့ရှိတဲ့ အနေအထားမှာ မြို့ရိုးရဲ့ အုတ်အတန်းအလိုက်များ ရှိမလားဆိုပြီး ကျွန်တော်တို့ အပေါ်ယံမြေပြင်ကွင်းဆင်းပြီး ထပ်ရှာတယ်။ တကယ်လို့မြစ်ကြောင်းထဲမှာ ပျောက်သွားတဲ့ အုတ်တန်းဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တူးဖော်သုတေသနပြုဖို့ အစီအစဉ်လည်း ရှိပါတယ်။ ကျွန်တော်တို့ ရှာကြည်ပါတယ် အုတ်တန်းရိုး တောက်လျှောက် အရှည်လိုက် မတွေ့ရပါဘူး။ အဲဒီတော့ အုတ်ရိုးတန်း ထုထည်ပုံစံမှာ ဘယ်လိုဖြစ်သွားလဲဆိုရင် သာသနိက အဆောက်အအုံ ပန္နက်ပုံစံကို ကွက်ကွက်ကွင်းကွင်း သွားတွေ့ရတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောကြားသည်။

အဆိုပါ စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်းသည် ကမ်းပါးအပေါ်အမြင့် ၁၁ ပေ ခြောက်လက်မရှိပြီး မြောက်ဘက်အုတ်ရိုးတန်းသည် အုတ်အလွှား ၁၄ လွှား တွေ့ရှိရပြီး အလျား သုံးပေ အနံ လေးပေ၊ အမြင့် သုံးပေ ကိုးလက်မ၊ အ၀အ ကျယ် သုံးပေခန့်တွေ့ရှိရပြီး အုတ်ချပ်ဆိုဒ် မှာ ၁၅ လက်မ x ခုနစ်လက်မ x နှစ်လက်မနှင့် သပ်အုတ် ၁၃ လက်မ x ရှစ်လက်မ x ၂၁/၂ လက်မရှိသော အုတ်ဆိုဒ်များ တိရစ္ဆာန် အရိုးစုများနှင့် အိုးခြမ်းကွဲ အပိုင်းအစများကို တွေ့ရှိရကြောင်း သိရသည်။

‌“ပုံစံအခြေနဲ့ ဆက်စပ်ပြီးတော့မှ မြေပြင်အနီးတစ်ဝိုက်မှာ တွေ့ရှိတဲ့ အုတ်ချပ်ဆိုဒ် အဲဒါတွေက ဘာတွေလဲဆိုတော့ စေတီရဲ့ အပေါ်ပိုင်းမှာ အသုံးပြုတဲ့ ဂုံးပုံသဏ္ဌာန်ဖော် သပ်အုတ်များတွေ့ရှိပြီး သပ်အုတ်များနဲ့ အောက်ခြေပန္နက်ပုံဖော် အုတ်ချပ်ဆိုဒ်များအရ ပြန်သုံးသပ်သလဲဆိုတော့ ပျူခေတ်ပုံစံ အုတ်ချပ်ဆိုဒ်တော့ မဟုတ်ဘူးလို့ ကျွန်တော်တို့က သတ်မှတ်ပါတယ်။ သူ့ရဲ့အုတ်ချပ်ဆိုဒ်တွေက အင်းဝခေတ်ပိုင်း ကာလကနေပြီးတော့ ကုန်ဘောင်ခေတ်ဦးအထိ အသုံးပြုခဲ့တဲ့ အုတ်ချပ်ဆိုဒ်တွေလို့ တွေ့ခဲ့ရတယ်။ ဒီအဆောက်အအုံရဲ့ပန္နက်ပုံစံက အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ဦးကြားက သာသနိက အဆောက်အအုံပုံစံ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ပြောကြားသည်။

 

January 16, 2018














Copy Protected by Chetan's WP-Copyprotect.