ကံမမြို့နယ် ကျေးရွာအချို့တွင် မြွေကိုက်ခံရသူများနေပြီး တစ်လလျှင် ငါးဦးခန့် အကိုက်ခံရသည့် ကျေးရွာများရှိနေ

ကံမမြို့နယ် ကျေးရွာအချို့တွင် မြွေကိုက်ခံရသူများနေပြီး တစ်လလျှင် ငါးဦးခန့် အကိုက်ခံရသည့် ကျေးရွာများရှိနေ
Published 17 January 2018

စစ္စရံကျေးရွာအနီး လယ်မြေတစ်ခုအတွင်း ကောက်လိုင်းစီးများ ရိတ်သိမ်းနေမှုကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျေးရွာအချို့တွင် မြွေကိုက်ခံရသူ များပြားနေပြီး တစ်လအတွင်း ငါးဦးခန့်အထိ အကိုက်ခံရသည့် ကျေးရွာများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသများတွင် မိုးနှောင်းကာလအကျော် ဆောင်းရာသီ ရိတ်သိမ်းချိန်တွင် အကိုက်ခံရမှု များပြားသော်လည်း ပြီးခဲ့သည့်လအထိ အကိုက်ခံရမှုများ ရှိနေပြီး ၂၀၁၇ ခုနှစ်တွင် အကိုက်ခံရမှု ပိုမိုများလာကြောင်း ဒေသခံများက ပြောကြားသည်။

“အခုရာသီမှာ အကိုက်ခံရမှု နည်းသွားတယ်လို့ ပြောလို့ရတယ်။ တောထတဲ့အချိန်မှာ အကိုက်များတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် ပြီးခဲ့တဲ့လမှာကို လေးငါးယောက်လောက် ရှိခဲ့တယ်။ တစ်ယောက်ဆိုရင် သုံးကြိမ်တောင် အကိုက်ခံရတာ။ သူက ကိုင်းသမားလည်းဖြစ်တော့ ခရမ်းချဉ်ပင်တွေကို ပေါင်တင်ရင်း အကိုက်ခံရတာ။ နောက်ဆုံးအဆင့်ကျတော့ ဆင်းရဲတော့ ပြည်က ဆရာဝန်ကြီးတွေက စိုးရိမ်လို့ ရန်ကုန်ကိုလွှတ်တယ်။ သူက ဆင်းရဲတော့ ပေကပ်နေပြီး သဒ္ဓါတဲ့လူတွေ ပိုက်ဆံနဲ့ ကုလိုက်တော့ ပြန်တော့ရောက်နေပြီ။ မျက်စိတွေကတော့ သိပ်မကောင်းဘူးလို့ ပြောတယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ ဂျိုးသဘောက်တွေ လိုက်နုတ်ရင်း အကိုက်ခံနေကြရတယ်” ဟု စစ္စရံကျေးရွာမှ ဦးသန်းဦးက ဆိုသည်။

အများဆုံး တွေ့ကြုံရသည်မှာ မြွေပွေးများဖြစ်ပြီး အကောင်ကြီး အကိုက်ခံရမှု ဖြစ်ပွားနေကြောင်း၊ ကံမမြို့နယ် အတွင်းရှိ ပေပင်၊ ထောက်ကြံကွင်း၊ သက္ကယ်မြောင်၊ ဒါန်းကိုင်းနှင့် အခြားရွာများ၊ ပဲခူးတိုင်းဒေသကြီး (အ နောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း အကိုက်ခံနေရကြောင်း သိရသည်။

Most Read

Most Recent