<

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသ၌ တူးဖော်တွေ့ရှိခဲ့သည့် လိုဏ်ဂူသို့ လာရောက်လေ့လာသူများလာ

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စုရှိ လိုဏ်ဂူအားတွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုရှိ လိုဏ်ဂူတစ်ခု၏ အ၀င်ပေါက်အား ဇန်န၀ါရီလဆန်းပိုင်းက အပြီးသတ် တူးဖော်ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်၍ ယခုအခါ ယင်းလိုဏ်ဂူသို့ လာရောက် လေ့လာလည်ပတ်မှုများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။

ကျောက်ငှက်တောင် အတွင်းပိုင်းရှိ ၀န်းတွင်းလိုဏ်ဂူဟု အမည်ပေးထားသော အဆိုပါ လိုဏ်ဂူဝင်ပေါက် ဖောက်လုပ်ခြင်း လုပ်ငန်းကို ယမန်နှစ် ဇူလိုင်လက စတင်ဖောက်လုပ်ခဲ့ရာ ဖောက်လုပ်ချိန် ခြောက်လတာမျှ ကြာမြင့်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ၀င်ပေါက်ဖောက်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

“တောင်ရဲ့အတွင်းပိုင်းမှာ လိုဏ်ဂူကြီး ရှိတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတယ်။ လိုဏ်ရဲ့သဘာဝ ၀င်ပေါက်က တောင်ထိပ်ဖျားပိုင်းမှာရှိပြီး အတက်အဆင်း ခက်တာကြောင့် အရောက်အပေါက်နည်းတယ်။ ဒါကြောင့် အ၀င်အထွက် လွယ်ကူအောင် တောင်ခါးပန်း နေရာလောက်မှာရှိတဲ့ ကျောက်နံရံကိုဖောက်ပြီး ၀င်ပေါက်လုပ်ခဲ့ကြတာ” ဟု လုပ်အားဒါနပြုသူ ကျောက်ငှက်ရွာသား တစ်ဦးက ပြောကြားသည်။

သွားရောက်လေ့လာမှုအရ လိုဏ်ဂူမှာ ဇောက်နက်သော လိုဏ်ဂူအမျိုးအစားဖြစ်၍ အ၀န်းကျယ်သော နေရာများ၌ ပေတစ်ရာ ၀န်းကျင်ခန့်၊ အမြင့်ပေ ခြောက်ဆယ်မှ တစ်ရာဝန်းကျင်ခန့် လိုဏ်ခန်းများပါရှိကာ ယင်းအရွယ်အစားထက် ကြီးမားသော လိုဏ်ခန်းများလည်း ရှိသေးကြောင်း သိရသည်။

လိုဏ်ခန်းများ အတွင်းတွင် ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်၊ ကျောက်စက်တိုင်များနှင့် ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်နေသော ကျောက်စက်ရုပ်လုံးရုပ်ကြွများကိုလည်း တွေ့ရသည်။ အချို့သော နေရာများတွင် ကျောက်စက်ရေများ ကျရောက်လျက်ရှိပြီး လိုဏ်တွင်းချောင်းငယ်များ၊ ရေကန်ငယ်များလည်း တွေ့ရှိရကြောင်း သိရသည်။

“လိုဏ်ဂူစပြီး တူးဖော်ကတည်းက သွားလာဝင်ထွက်နေတာ။ အဆင်းလမ်းခက်တာနဲ့ အထဲမှာမှောင်ပြီး မျက်စိလည်နိုင်တာကလွဲရင် အခြားအန္တရာယ် မရှိပါဘူး။ အခုချိန်ထိတော့ ဂူတစ်ဖက်အဆုံးထိ ဘယ်သူမှ မရောက်ဖူးသေးလို့ ဘယ်မှာဆုံးတယ်၊ ဘယ်လောက်ထိ ကျယ်မယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ တစ်နေကုန် သွားတာတောင် မနှံ့သေးဘူးလို့ဘဲ ပြောနိုင်တယ်။ သုံးရက်လောက်သွားလည်း မနှံ့နိုင်ဘူးလို့ ယူဆရတယ်” ဟု လိုဏ်ဂူတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ကိုရင်ကြီး ပညာဗလက မိန့်ကြားသည်။

လက်ရှိဆောင်ရွက်မှုများ အနေဖြင့် လိုဏ်တွင်းလမ်းများ၊ တောင်တက်လမ်းများ ဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ သာသနာပြု လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သော်လည်း သဘာဝ အလှများ မပျက်စီးမထိခိုက်အောင် ထိန်းသိမ်းလုပ်ဆောင် သွားမည်ဟုလည်း သိရသည်။

ဆက်လက်ရှာဖွေစူးစမ်းရန် သဘာဝအလှတရားများစွာ ကျန်ရှိနေဆဲဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသတွင် အဆိုပါ အသစ်တူးဖော် တွေ့ရှိသည့် လိုဏ်ဂူအပြင် လက်ရှိအချိန်တွင် မြသပိတ်ရေပြာအိုင်၊ ကျောက်ငှက်ရေ၀င်ဂူ၊ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန်၊ ပြဒါးလင်းဂူ၊ ယုန်တောင်၊ စခန်းကြီး စသည့် လည်ပတ်လေ့လာစရာနေရာ အများအပြား ရှိသောကြောင့် ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

 

January 16, 2018














Copy Protected by Chetan's WP-Copyprotect.