မန်းရွှေစက်တော် ဘုရားပွဲတော် ဇန်နဝါရီ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပွဲတော်အတွင်း အဆောက်အအုံ အချို့ကို သံဖရိန်များဖြင့် အစားထိုး တည်ဆောက်မည်ဖြစ်ကာ တဲကျောင်း အခန်းပေါင်း ၁၁၀ ကို သံဖရိန်များဖြင့် တည်ဆောက်လျက်ရှိ

မန်းရွှေစက်တော် ဘုရားပွဲတော် ဇန်နဝါရီ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပွဲတော်အတွင်း အဆောက်အအုံ အချို့ကို သံဖရိန်များဖြင့် အစားထိုး တည်ဆောက်မည်ဖြစ်ကာ တဲကျောင်း အခန်းပေါင်း ၁၁၀ ကို သံဖရိန်များဖြင့် တည်ဆောက်လျက်ရှိ
Published 17 January 2018

မကြာမီကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် အဝင်ဝတွင် အသစ်တည်ဆောက်ထားသည့် လှေတင်တံတားကို တွေ့ရစဉ်

ဇန်နဝါရီ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ ရက်ပေါင်း ၉၀ ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ပွဲတော်သို့ အဝင်ဝတွင် အသစ်တည်ဆောက်ထားသည့် လှေတင်တံတားကိုလည်း ဖွင့်လှစ်မည်ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ယခုနှစ်တွင် ရွှေစက်တော်ပွဲတော်အတွင်း အဆောက်အအုံအချို့ကို သံဖရိန်များဖြင့် အစားထိုး တည်ဆောက်သွားမည်ဖြစ်ပြီး တဲကျောင်းအခန်းပေါင်း ၁၁၀ ကိုသံဖရိန်များဖြင့် တည်ဆောက်လျက်ရှိကြောင်း ဦးအေးလွင်က ပြောကြားသည်။

ရွှေစက်တော်ပွဲတော်တွင်း နှစ်စဉ် တဲကျောင်းနှင့် ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် တည်ဆောက်ရလေ့ရှိကြောင်း၊ ထိုအဆောက်အအုံများအတွက် သစ်ဝါးများကို နှစ်စဉ်ခုတ်ယူနေရမှုကို ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

ရွှေစက်တော်ပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ်ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း အခါမဲ့မိုးများ ရွာသွန်းခဲ့မှုနှင့် ပွဲတော်တွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် မူဝါဒ အပြောင်းအလဲများကြောင့် ယခင်နှစ်များထက် လုပ်ငန်းနှောင့်နှေးမှုများ ရှိခဲ့ကြောင်း၊ ဂေါပကအဖွဲ့၏ မူဝါဒအသစ်များကြောင့် အထက်စက်တော်ရာသို့ တက်သည့် စောင်းတန်းတစ်လျှောက်ရှိ ဈေးသည်များနှင့် ပျံကျဈေးသည်များအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဂေါပကအဖွဲ့နှင့် မကွေးတိုင်းဝန်ကြီးချုပ်တို့ကို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ပွဲတော်ထဲမှာ ကျန်းမာသန့်ရှင်းနဲ့ ပတ်သက်လို့ စပြီးလုပ်နေပါပြီ။ တည်းခိုဆောင်တွေ အားလုံးလည်း ပြီးသလောက်နီးပါး ဖြစ်သွားပါပြီ။ အဆောက်အအုံတွေ ဆောက်တာကလည်း နောက်နှစ်ရက်လောက်ဆိုရင် အပြီးသတ်သွားမှာပါ။ ဆန္ဒပြတဲ့ စောင်းတန်းဈေးသည်တွေကို ကျွန်တော်တို့က ပြန်လွှတ်မယ့် ဇယား မရှိပါဘူး။ သံဆန်ခါပိတ်ပြီးတဲ့အခန်းရဲ့ ဘယ်ညာနေရာတွေမှာ အခန်းတွေ ပိုတာတွေကို ပေးပါတယ်။ ယခုနှစ်ပွဲတော်မှာ တံတားကြီးကို ဖွင့်လှစ်သွားမှာပါ။ ပွဲတော်ကို အစဉ်အလာတွေအတိုင်း အောင်မြင်စွာ ကျင်းပသွားမှာပါ” ဟု ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် ဦးအေးလွင်က ပြောကြားသည်။

ရွှေစက်တော်ပွဲတော်တွင် နှစ်စဉ်ဈေးရောင်းလေ့ရှိသူ မင်းဘူးမြို့မှ ဦးဝင်းချိုက “အခု ဂေါပကအဖွဲ့အသစ်မှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပမာ လှေတင်တံတားကြီး ထိုးလိုက်တာ ဆိုလို့ရှိရင် ရေရှည်အတွက် ကောင်းတယ်။ ကြိုဆိုရမှာပါ။ ဘုရားပွဲမှာ တကယ်နာမည်ပျက်တာက တည်းခိုဆောင်တွေက မတန်တဆ ဈေးနှုန်းတောင်းတာတွေ၊ သတ်မှတ်ဈေးနှုန်းတွေထက် ပိုတောင်းတာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသေးဘဲနဲ့ အခုလက်ရှိမှာ ပျံကျဈေးသည်လေးတွေ၊ လက်လုပ်လက်စား လေးတွေမှာပဲ ပြဿနာမျိုးစုံနဲ့ အဖိနှိပ်ခံနေရတာမျိုးတွေ တွေ့ရပါတယ်” ဟု ပြောကြားသည်။

“ပြီးခဲ့တဲ့ရက်ကပဲ ရွှေစက်တော်ဘုရား ဂေါပက ပြောင်းလဲပေးဖို့နဲ့ ဝန်ကြီးချုပ်အနေနဲ့လည်း ဈေးသည်အတွက် ကူညီဆောင်ရွက်ပေးဖို့ ဆန္ဒပြပွဲတွေ ရှိခဲ့ဖူးပါတယ်။ ဒီအရင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြပွဲဆိုတာ တွေ့လိုက်ပါတယ်။ အဲဒီတော့ မန်းရွှေစက်တော် ဘုရားကြီးမှာ ဘယ်တုန်းကမှ ဆန္ဒပြပွဲဆိုတာ မရှိခဲ့ဖူးပါဘူး။ ဒီလိုဆန္ဒပြပွဲတွေ ဖြစ်လာတာကိုလည်း အင်မတန် စိတ်မကောင်း  ဖြစ်မိပါတယ်” ဟု ဦးဝင်းချိုက ပြောကြားသည်။

ယခုနှစ် မန်းရွှေစက်တော်ပွဲတော် ပွဲတော်ဖွင့်ပွဲနေ့သည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ယခင်နှစ်များထက် ဖွင့်ပွဲနေ့တွင် ဘုရားဖူးများ ပိုမိုစည်ကားမည်ဟု ခန့်မှန်းရကြောင်း၊ ရွှေစက်တော်ပွဲတော်တွင် အစိုးရ ရုံးပိတ်ရက်များ၊ တပို့တွဲလပြည့်နေ့နှင့် သြင်္ကန်ရက်များတွင် ဘုရားဖူးများ အထူးစည်ကားလေ့ရှိကြောင်း၊ ပွဲတော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်အပူဇော်ခံလေ့ရှိကြောင်း သိရသည်။

 

Most Read

Most Recent