နဝဒေးဘောလုံးကွင်းအတွင်း ဆောက်လက်စပွဲကြည့်စင် သုံးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား

နဝဒေးဘောလုံးကွင်းအတွင်း ဆောက်လက်စပွဲကြည့်စင် သုံးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွား
Published 17 January 2018

အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့် နဝဒေးဘောလုံးကွင်း အတွင်းရှိ ဆောက်လက်စ ပွဲကြည့်စင်ကို တွေ့ရစဉ်

မရမ်းကုန်းမြို့နယ် နဝဒေးဘောလုံးကွင်း အတွင်းရှိ ဆောက်လက်စ ပွဲကြည့်စင် သုံးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် အုတ်ပုံဆိပ်လမ်း နဝဒေးဘောလုံးကွင်း အတွင်းရှိ ဆောက်လက်စ ပွဲကြည့်စင် သုံးလွှာမှ အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ခွဲခန့်က ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ပြုတ်ကျသည့်အချိန်တွင် ပတ်ဝန်းကျင်နေသူများက အဆိုပါ ဆောက်လက်စ ပွဲကြည့်စင် ဒုတိယထပ် လှေကားဘေးရှိ ငြမ်းများလှုပ်သွားသဖြင့် သွားရောက်ကြည့်ရှုရာ အဆိုပါ အမျိုးသားမှာ တိုက်အောက်ကြမ်းပြင်တွင် ဘေးတစ်စောင်း အနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ပြုတ်ကျတဲ့လူက မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီလုပ်ငန်းခွင်ထဲက အင်ဂျင်နီယာတွေ၊ အလုပ်သမား ခေါင်းဆောင်တွေကို ခေါ်မေးတော့ သူတို့လုပ်ငန်းခွင်ထဲကလူ မဟုတ်ဘူးလို့ ပြောတယ်။ သူဘယ်ကလဲ၊ ဘယ်သူလဲဆိုတာ သူ့အချက်အလက်တွေကို စုံစမ်းလို့မရသေးဘူး” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးရာ အဆိုပါ အမျိုးသားမှာ ဝဲချိုစောင်းပွန်းပဲ့ ၊ ယာလက်မောင်းရင်းပြုတ်၊ ဦးခေါင်းကွဲဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို မရမ်းကုန်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၈) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ သေဆုံးသူ အမျိုးသားနှင့် ပတ်သက်၍ အချက်အလက်များ သိရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Call Center ဖြစ်သည့် 199 သို့လည်းကောင်း၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ဖြစ်သည့် ၀၁-၃၇၆၁၆၆ သို့လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဖုန်းဖြစ်သည့် ၀၁-၆၆၀၉၈၀ သို့ လည်းကောင်း၊ မရမ်းကုန်း မြို့မရဲစခန်း ဖုန်းနံပါတ်ဖြစ်သည့် ၀၁-၆၆၀ ၃၅၂ သို့လည်းကောင်း ဆက်သွယ် အကြောင်းကြားပေးရန် အကူအညီ တောင်းခံကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ထားသည်။

အလားတူ လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ပြုတ်ကျသေဆုံးသည့် အမျိုးသားမှာ လှိုင်မြို့နယ် (၁၃) ရပ်ကွက်ရှိ တိုက်ခန်းတစ်ခန်း၏ ငါးလွှာတွင် နေထိုင်သည့် ဦး.... (၅၀ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် ဇန်နဝါရီ ၅ ရက် နံနက် ၇ နာရီခန့်က နေအိမ်တိုက်ခန်း ဝဲဘက်ခြမ်းရှိ ပြတင်းပေါက် ဘောင်ပေါ်တက်၍ လိုက်ကာခန်းဆီးစကြိုးအား တပ်ဆင်စဉ် ခြေချော်ကာ တိုက်ဝဲဘက်ခြမ်း ကပ်လျက်ရှိ နှစ်ထပ်တိုက်ပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် ဦး......(၅၀ နှစ်) မှာ ယာနား၊ နှာခေါင်းနှင့် ပါးစပ်တို့တွင် သွေးထွက် ဒဏ်ရာများ ရရှိခဲ့ကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသနေစဉ် ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent