သီလဝါအထူးစီးပွားရေးဇုန် Zone A နှင့် Zone B ၌ နိုင်ငံတကာ ကုမ္ပဏီ ၈၄ ခုက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန် Zone A နှင့် Zone B ၌ နိုင်ငံတကာ ကုမ္ပဏီ ၈၄ ခုက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထား
Published 10 August 2017

သီလဝါအထူးစီးပွားရေးဇုန်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား သြဂုတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

သီလဝါအထူးစီးပွားရေးဇုန် Zone A နှင့် Zone B ၌ နိုင်ငံတကာကုမ္ပဏီ ၈၄ ခုက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်မှာ ၂၀၁၂ ခုနှစ်တွင် မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရလက် မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့နှင့် ၂၃ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် ဧရိယာ စုစုပေါင်းသည် ဟက်တာ ၂၄၀၀ ရှိပြီး လက်ရှိတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စတင်လည်ပတ်နေပြီဖြစ်သည့် အကျယ်အဝန်း ဟက်တာ ၄၀၀ ရှိသည့်  Zone A နှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည့်  (Zone B Phase 1) ဟူ၍ ခွဲခြားဆောင်ရွက်နေခြင်း ဖြစ်သည်။

ဟက်တာ ၄၀၀ ကျယ်ဝန်းပြီး စက်ရုံ၊ အလုပ်ရုံများ စတင်လည်ပတ်နေပြီဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် လက်ရှိ နိုင်ငံတကာကုမ္ပဏီ ၇၉ ခုက လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ ယင်းကဲ့သို့ ကုမ္ပဏီ ၇၉ ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သော်လည်း မြေနေရာလွတ်များ ကျန်ရှိနေကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A ၌ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် မြေနေရာများရောင်းချပေးရန် ကျန်နေကြောင်း မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD) မှ သတင်းရရှိသည်။

“Zone A နဲ့ Zone B မှာ အမေရိကန်၊ ဥရောပနဲ့ အာဆီယံနိုင်ငံတွေက ကုမ္ပဏီ စုစုပေါင်း ၈၄ ခုက လာရောက်ရင်းနှီးမြှုပ်နံှထားပါတယ်။ Zone A မှာ လက်ရှိ နိုင်ငံတကာ ကုမ္ပဏီ ၇၉ ခုနဲ့  Zone B မှာ  နိုင်ငံတကာ ကုမ္ပဏီငါးခုက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်” ဟု မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MJTD) မှ President & ECO ဖြစ်သူ YANAO Takashi က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ဟက်တာ ၁၀၀ စီမံကိန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးရန် ဆောင်ရွက်နေကာ လက်ရှိတွင် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၁၂ ခုနှစ်တွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ  အစိုးရလက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (MJTD) အား မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည်။ အဆိုပါ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်တွင် မြန်မာဘက်မှ မြန်မာအစိုးရ၊ မြန်မာကုမ္ပဏီ ကိုးခုနှင့် တစ်ဦးချင်းအစုရှယ်ယာပိုင်ရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းရင်း နှီးမြှုပ်နှံမှုတွင် JICA မှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် Mitsubishi Marubeni ၊Sumitomo Corporation နှင့် ဂျပန်နိုင်ငံမှ ဘဏ်သုံးခုတို့ ပူးပေါင်းပါဝင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent