YBS စနစ်အတွက် ကုမ္ပဏီပိုင်ဖြစ်ရေးနှင့် ကားရပ်နားကွင်းများဖော်ထုတ်ရေး ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများပြောကြား

YBS စနစ်အတွက် ကုမ္ပဏီပိုင်ဖြစ်ရေးနှင့် ကားရပ်နားကွင်းများဖော်ထုတ်ရေး ဦးစားပေးအစီအစဉ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများပြောကြား
Published 17 January 2018

YBS တစ်နှစ်ပြည့်အခမ်းအနားတွင် ပြသထားသည့် Yangon Bus Operator ပြခန်းကို တွေ့ရစဉ်

YBS စနစ်အတွက် ကုမ္ပဏီပိုင်ဖြစ်ရေးနှင့် ကားရပ်နားကွင်းများ ဖော်ထုတ်ရေးတို့ကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် YBS တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်က Sky Star ဟိုတယ်၌ပြုလုပ်သည့် YRTA နှင့် YBS တစ်နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားသည်။

“လက်ရှိအချိန်မှာ အခက်အခဲတွေရှိနေသေးတယ်။ ဘာပဲပြောပြော ကုမ္ပဏီပိုင်ဖြစ်ရေးရယ်၊ ကားအဟောင်းတွေလဲလှယ်ဖို့နဲ့ နောက်တစ်ခုက ကားရပ်ကွင်းတွေ ဦးစားပေးအစီအစဉ်အနေနဲ့ ဖော်ထုတ်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“YUPT၊ YBPC၊ လူထုမိတ်ဆွေ၊ Omini Focus အဲဒီကားကုမ္ပဏီလေးခုမှာလည်း ရှိတယ်။ ဗန္ဓုလအများပိုင်မှာလည်း ကားအသစ်တွေရှိတယ်။ စစ်မှုထမ်းဟောင်း သူတို့ကိုလည်း ခွင့်ပြုပေးထားတယ်။ သူတို့လည်း ကားအသစ်တွေနဲ့ဆွဲမှာဖြစ်တဲ့အတွက် ကားအသစ်က ၂၀၀၀ ကျော်လောက်ရှိတယ်။ ဒါကြောင့်မို့ ကားအဟောင်းတွေ ဖယ်ထုတ်နေတယ်။ အဓိကလမ်းကြောင်းတွေကို ကားအသစ်တွေပေးမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ YRTA နှင့် YBS တို့မှတာဝန်ရှိသူများ ယာဉ်လိုင်းတာဝန်ခံများလည်း တက်ရောက်ခဲ့ကြသည်။

“နည်းပညာကိုသုံးပြီးတော့ ယာဉ်လိုင်းစနစ်ကို စနစ်တကျပေါ်ထွန်းလာဖို့နဲ့ ယာဉ်မောင်းတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့အချက်အလက်တွေကို ရအောင်ယူပြီးတော့ ယာဉ်စနစ်ကြီး စွမ်းရည်မြင့်မားလာအောင် လုပ်ဖို့အတွက်ကို အဓိကဦးတည်ထားပါတယ်” ဟု YBS အမှုဆောင်အရာရှိချုပ် စောဘိုဘိုက ပြောကြားသည်။

JICA၊ ADB တို့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် YBS အများပြည်သူသုံး ဘတ်စ်ကားစီမံကွပ်ကဲမှုအရည်အချင်း တိုးတက်စေရန်၊ ဘတ်စ်အော်ပရေတာများ၏ ခရီးသွားပြည်သူများအတွက် ဘတ်စ်ကားဝန်ဆောင်မှုအဆင့် တိုးတက်ကောင်းမွန်စေရန်၊ ဘတ်စ်အော်ပရေတာများ၏ ဘတ်စ်ကားလုပ်ငန်း လုပ်ဆောင်မှုအဆင့် တိုးတက်စေရန်နှင့် အများပြည်သူ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးတိုးတက်မှု မူဝါဒတည်ထောင်ရန်တို့ပါဝင်ကြောင်း သိရသည်။

“W Waybill စနစ်တွေ၊ ကားတွေကို အတည်ပြုပေးနိုင်တဲ့ QR Code စနစ်တွေ E-Complaint စနစ်တွေ ငွေပေးချေတဲ့ကတ်တွေ ဒီလိုနည်းပညာပလက်ဖောင်းတွေ သုံးပြီးတော့ ဒီစနစ်ကြီးကို ပိုပြီးတော့စနစ်ကျလာအောင် ပိုပြီးတော့ လုပ်ငန်းရှင်တွေအတွက်လည်း အမြတ်အစွန်းတွေပိုရှိလာအောင် ခရီးသည်တွေအတွက်လည်း ပိုပြီးတော့ သက်သောင့်သက်သာရှိတဲ့ ပိုပြီးတော့ ဝန်ဆောင်မှုကောင်းတဲ့စနစ်ဖြစ်လာအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့အပြင် JICA၊ ADB တို့နဲ့ ပူးပေါင်းပြီးတော့ YBS စနစ်ကို ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ရှိပါတယ်” ဟု အမှုဆောင်အရာရှိချုပ် စောဘိုဘိုက ပြောကြားသည်။

ယာဉ်လိုင်းများ ပေါင်းစည်းရေးနှင့် ကုမ္ပဏီများပေါင်းစည်းရေးတွင် အများပိုင်စနစ်အား အကောင်အထည်ဖော်ရန်အတွက် ယာဉ်အင်အားစာရင်းကို အတည်ပြုကန့်သတ်ဆောင်ရွက်ခြင်း၊ ယာဉ်များအား ရာဖြတ် (တန်ဖိုးဖြတ်) ဆောင်ရွက်ခြင်းနှင့် ယာဉ်ပြေဆွဲရာလမ်းကြောင်းများအား ပြန်လည်သုံးသပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

“နောင်လာမယ့် နှစ်လအတွင်းမှာ စပြီးပုံပေါ်လာအောင် လုပ်နေတယ်။ အလုံးစုံပြောင်းလဲမှုက အချိန်တစ်ခုတော့ပေးရတယ်။ ဒါပေမဲ့ ပုံစံခွက်ထဲကျအောင် နှစ်လသုံးလအတွင်း လုပ်ဖို့စီစဉ်ထားတယ်” ဟု စောဘိုဘိုက ပြောကြားသည်။

ကုမ္ပဏီ ၂၂ ခုရှိပြီး ပူးပေါင်းလို၍ စာတင်ပြတောင်းဆိုမှုများလည်းရှိကြောင်း၊ ယင်းကဲ့သို့ တင်ပြတောင်းဆိုမှုများကို ပြန်လည်သုံးသပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။