<

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးသစ် မျက်နှာစာရှေ့တွင် ဈေးမရောင်းရနေရာအဖြစ် သတ်မှတ်ကာ ဈေးသည်အချို့ကို စည်ပင်က ဖယ်ရှားနေပြီး ဈေးတစ်ဈေးလုံး ဖယ်ရှားခြင်း၊ မဖယ်ရှားခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးနေဟု သိရ

စည်ပင်နှင့် ဈေးသည်အချို့ အငြင်းပွားမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ၁၆၇ လမ်းရှိ ရာပြည့်ဈေးသစ် မျက်နှာစာရှေ့တွင် ဈေးမရောင်းရ နေရာအဖြစ် သတ်မှတ်ကာ လမ်းဘေးဈေးသည်အချို့ကို ဇန်န၀ါရီ ၁၅ ရက်တွင် စည်ပင်မှဖယ်ရှားခဲ့ပြီး တစ်ဈေးလုံးဖယ်ရှားခြင်း မဖယ်ရှားခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရာပြည့်ဈေးအဟောင်းအား ၂၀၁၂ တွင် စတင်ဖြိုဖျက်ခဲ့ပြီး ၂၀၁၄ တွင် ဈေးသစ်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ထိုသို့စတင်ဖြိုဖျက်စဉ်က ယင်းဈေးဟောင်းတွင် ရောင်းချသည့် ဈေးသည်များအား ယာယီအခွန်လွတ်ဈေးသို့ ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း၊ လက်ရှိဈေးသစ်ကို ပြန်လည်ဖွင့်လှစ်သည်မှာ လပိုင်းမျှသာ ရှိသေးကြောင်း၊ လက်ရှိဈေးသစ်တွင် ဆိုင်နေရာပေါင်း ၆၀၀ ပတ်ဝန်းကျင်ရှိပြီး၊ အောက်ထပ် တစ်ထပ်ကိုသာ ဈေးအဖြစ် သတ်မှတ်၍ ကျန်သည့်အထပ်များမှာ လူနေတိုက်ခန်းများ ဆောက်လုပ်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်ထပ်အထိသာ ဆောက်လုပ်နေသေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူများထံမှ သိရသည်။

“ဘယ်နေရာ ရောင်းရမယ်ဆိုတာ အစ်ကိုတို့က စည်းဆွဲပေးတာ။ လောလောဆယ်မှာ ဈေးရဲ့မျက်နှာစာ ဧရိယာ အ၀န်းအ၀ိုင်းဘက်ကို လက်ခံမထားဘူး။ ကျန်တဲ့ဘက်ခြမ်းမှာ ရောင်းနေတာနဲ့ပတ်သတ်လို့ အစ်ကိုတို့ကို ခုချိန်မှာ ရှင်းလင်းဖို့ မဆောင်ရွက်ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဈေးသည်လေးတွေက များတယ်။ ထို့အတူ ဈေးကလည်း ဆောင်ရွက်ပေးနိုင်မယ့် အတိုင်းအတာ ဆက်လက်စိစစ်မယ်။ အဲဒီအပေါ်မှ ဘာတွေရောင်းချခွင့် ရှိမယ် မရှိဘူး ပေါ်လာမယ်။ သူတို့ကို ဖမ်းတာဆီးတာလည်း မလုပ်ဘူး။ လွန်ခဲ့တဲ့ သောကြာနေ့ကနေ စပြီးတော့ အကုန်လုံး လိုက်အကြောင်းကြားပြီးပြီ။ ဒီနေရာမှာ မရောင်းပါနဲ့။ ဒီပြင်နေရာကို ရွှေ့ပါလို့ ပြောပြီးပြီ။ ဆက်လက် ရောင်းမယ်ဆိုရင်တော့ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ အခွန်လွတ် ဈေးကိုတော့ မည်သူမဆို သွားရောင်းလို့ရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တာမွေမြို့နယ် အုပ်ချုပ်ရေးမှူး (ဦးစီးအရာရှိ၊ စီမံရေးရာဌာန) အရာရှိက ဆိုသည်။

ထိုသို့ဖယ်ရှားရာတွင်လည်း ဈေးသည်များ ရောင်းချသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ဈေးသည်အချို့ထားခဲ့သည့် ထိုင်ခုံ၊ ခင်းသည့်ဗန်း၊ စဉ်းတီတုံး၊ အုတ်ခဲတို့ကဲ့သို့ ပစ္စည်းများသာ သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ ၁၆၇ လမ်းအတွင်းရှိ တစ်ဈေးလုံးနှင့် ပတ်သက်၍မူ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအဖွဲ့အစည်း၊ ဈေးတို့ဖြင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖယ်ရှားခံခဲ့ရသည့် ဈေးသည်များကမူ ၎င်းတို့ဈေးရောင်းလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားခံရမှုကြောင့် ဈေးရောင်းရသည့်နေရာ အခက်အခဲဖြစ်ကြောင်း၊ ၎င်းတို့ကို ဈေးရောင်းချသည့် နေရာတစ်ခုပေးရန် လိုလားကြောင်း ပြောကြားကြသည်။

“ဒီနေရာလေးပဲ ဈေးရောင်းတာ ၁၀ နှစ်ကျော်သွားပြီ။ နဂိုတုန်းကတော့ စည်ပင်ဈေးကောက်တော့ အခွန်ပေးရတာပဲ။ အခုကတော့ မကောက်ပါဘူး။ ဒီနေရာမှာကလည်း ဈေးသည်တွေက သူ့နေရာနဲ့သူ ပြည့်နေတယ်။ ဘယ်နေရာ ရှာလို့ရှာရမှန်း မသိဘူး။ မရှာလို့ မရဘူးလေ။ မိသားစု စားဝတ်နေရေးက ရှိသေးတယ်။ ရာပြည့်ဈေးသစ်ထဲမှာတော့ ဆိုင်ခန်းရတဲ့သူတွေရှိတယ်။ ကျွန်တော်တို့တော့ မပါဘူး။ မနက်က ရှင်းတုန်းကတော့ တစ်တန်းလုံး ဖမ်းမယ်ထင်တာ။ ဒီနားကွက်လုပ်သွားတာ” ဟု မြောက်ဥက္ကလာပမှ အဆိုပါဈေးသို့ ငရုတ်သီး လာရောက်ရောင်းချသည့် ဦးသိန်းတန်က ပြောကြားသည်။ အဆိုပါ လမ်းအတွင်း လာရောက် ရောင်းချသည့် ဈေးသည်များကို ဖယ်ရှားရန် လက်မှတ်ရေးထိုး ကောက်ခံကာ မြို့တော်ဝန်၊ ၀န်ကြီးချုပ်အထိ စာပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါလမ်းတွင် နေထိုင်သည့် ရာအိမ်မှူး ဦးကြီးစိန်က ပြောကြားသည်။

“အရင်အစိုးရ လက်ထက်တွေတုန်းကတည်းက ဖယ်ဖို့ကြိုးစားတာ။ လက်မှတ်က ကောက်ခံထားတယ်။ အကုန်ပြီးနေပြီ။ အစ်ကိုတို့ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အကုန်လုံး ခံစားနေရတယ်။ ဈေးသည်အချို့ဆိုရင် ရာပြည့်ဈေးထဲမှာ ဆိုင်ခန်းရတယ်။ ဒါပေမဲ့ အထဲဝင် မရောင်းဘူး” ဟု အဆိုပါလမ်းတွင် နေထိုင်သည့် ရာအိမ်မှူး ဦးကြီးစိန်က ပြောကြားသည်။

 

January 15, 2018














Copy Protected by Chetan's WP-Copyprotect.