ဆန်ဈေးကွက်အတွင်း ငွေကျပ်ငါးဘီလျံကျော် အရှုပ်အရှင်းဖြစ်ပေါ်ခဲ့သည့် A.S.O ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆောင်ရွက်နိုင်ရန် ကော်မတီသုံးရပ် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ထုတ်ပြန်

ဆန်ဈေးကွက်အတွင်း ငွေကျပ်ငါးဘီလျံကျော် အရှုပ်အရှင်းဖြစ်ပေါ်ခဲ့သည့် A.S.O ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆောင်ရွက်နိုင်ရန် ကော်မတီသုံးရပ် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ထုတ်ပြန်
Published 16 January 2018

ဆန်ဈေးကွက်အတွင်း ငွေကျပ်ငါးဘီလျံကျော်အထိ အရှုပ်အရှင်းဖြစ်ပေါ်ခဲ့သည့် A.S.O ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် ရှင်းလင်းဆောင်ရွက်နိုင်ရန်  ကော်မတီသုံးရပ် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါကော်မတီများမှာ A.S.O ကုမ္ပဏီအား အမှုဖွင့်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေးကော်မတီ၊ A.S.O ကုမ္ပဏီ၏ကျန်ရှိနေသော ပစ္စည်းများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရေးကော်မတီ၊ ဆန်အကျိုးဆောင်များနှင့် နယ်ကုန်သည်များ ငွေကြေးရှင်းလင်းရေးဆိုင်ရာ ကော်မတီတို့ဖြစ်သည်။

A.S.O ကုမ္ပဏီအား အမှုဖွင့်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေးကော်မတီတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးက ဆောင်ရွက်ပြီး အဖွဲ့ဝင်လေးဦးဖြင့် ဖွဲ့စည်းထားကြောင်း  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။

A.S.O ကုမ္ပဏီ၏ ကျန်ရှိနေသောပစ္စည်းများအား ဥပဒေနှင့်အညီ ထိန်းသိမ်းရေးကော်မတီတွင် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ခုနစ်ဦး ဖြင့်ဖွဲ့စည်းထားကြောင်း  မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။

ဆန်အကျိုးဆောင်များနှင့် နယ်ကုန်သည်များ ငွေကြေးရှင်းလင်းရေးဆိုင်ရာ ကော်မတီတွင် အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦး အောင်သန်းဦးက ဆောင်ရွက်ပြီး အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။

A.S.O ကုမ္ပဏီအနေဖြင့် ပေးရန်ရှိငွေကြေး၊ ပေးရန်ရှိကုန်ပစ္စည်းများကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်မှုအခြေအနေအပေါ် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း က သတင်းထုတ်ပြန်ထားရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက် နေ့လည် ၂ နာရီအထိရရှိ သော တိုင်ကြားမှု အခြေအနေအရ၊ တိုင်ကြားသူ ၆၄ ဦးထံမှ စုစုပေါင်းငွေကြေးပမာဏ ၅၃၇၃၉၂၄၄၂၁ တိတိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းအနေဖြင့် ၂၀၁၇ခုနှစ် စက်တင်ဘာလကတည်းက ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရောင်း အဝယ်မှန်၊ အရည်အသွေးမှန်စွာဖြင့် စနစ်တကျ ရောင်းဝယ်ကြရန် အကြိမ်ကြိမ် သတိပေးထားသော်လည်း ရောင်းသူဝယ်သူများက ပုံမှန်မဟုတ်သော အရောင်းအဝယ်ကို အကြိမ်ကြိမ်သတိပေးသည့်ကြားမှ လုပ်ကိုင်ကြ၍ ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် နစ်နာသူများအတွက် ဥပဒေအကြံ ဉာဏ်ပေးခြင်း၊ ထွက်ပြေးတိမ်းရှောင်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ဖြင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent