အိန္ဒိယသို့ ပဲတင်ပို့မှု ကန့်သတ်ခံထားရပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန်လျော့နည်းခြင်း မရှိသော်လည်း ဒေါ်လာ ၇၁၅ သန်းသာရရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၄၀၃ သန်း လျော့နည်း

အိန္ဒိယသို့ ပဲတင်ပို့မှု ကန့်သတ်ခံထားရပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန်လျော့နည်းခြင်း မရှိသော်လည်း ဒေါ်လာ ၇၁၅ သန်းသာရရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၄၀၃ သန်း လျော့နည်း
Published 16 January 2018

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ပဲစင်းငုံစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

အိန္ဒိယနိုင်ငံဈေးကွက်မှ ပဲတင်ပို့မှုကန့်သတ်ခံထားရပြီး ဈေးနှုန်းကျဆင်းမှုကြောင့် ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန်အားဖြင့် လျော့နည်းခြင်းမရှိသော်လည်း တန်ဖိုး ဒေါ်လာ ၇၁၅ သန်းသာ ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၄၀၃ သန်းအထိ လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပဲတင်ပို့မှုက ၇၁၅ သန်း၊ ပြီးခဲ့တဲ့ကာလတူက ၁ ဒသမ ၁၁၈ ဘီလျံရခဲ့တယ်။ ဆိုတော့ ဒေါ်လာ ၄၀၃ သန်းလောက် လျော့နည်းတယ်။ သို့သော်လည်း တန်ချိန်အားဖြင့်တော့ ၂၅၀၀၀ကျော်လောက် ပိုတယ်။ တန်ချိန်ကတော့ ပိုတယ်။ တန်ဖိုးက လျော့တယ်။ အဓိကက ဈေးနှုန်းကျတာလည်း ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ဒီနှစ်က စုစုပေါင်းတန်ချိန် ၁၀ ဒသမ ၅၈ သန်း၊ မနှစ်က ၁၀ ဒသမ ၃၃ သန်း၊ တန် ချိန် ၂၅၀၀၀လောက် ပိုလာတယ်။ မတ်ပဲဆိုရင် သုံးသောင်းကျော် ပိုပို့ထားတယ်။ ပဲစင်းငုံဆိုရင်လည်း တန်ချိန်က  ၉၁၀၀၀ လောက် ပိုပြီး ပို့ထားတယ်။ လက်ရှိအနေအထားမှာ မတ်ပဲရော ပဲစင်းငုံရောက ကာလတူထက် ပိုပြီးတင်ပို့ထားတယ်”ဟု ဦးခင်မောင်လွင်က ဆိုသည်။

၂၀၁၇ နှစ်စတွင် မတ်ပဲတစ်တန် ကျပ် ၁၂ သိန်းဝန်းကျင်၊ ပဲစင်းငုံအနီတစ်တန် ကျပ် ရှစ်သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး တစ်နှစ်အတွင်း ထက်ဝက်ကျော် ဆက်လက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။၂၀၁၇ ခုနှစ်အတွင်း ပဲဈေးနှုန်းကျ ဆင်းမှုမှာ နိုဝင်ဘာလအတွင်းဖြစ်ပေါ်ခဲ့ပြီး မတ်ပဲတစ်တန်လျှင် ကျပ် ၄၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၃၃၀၀၀၀ ဝန်း ကျင်အထိရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ပထမပတ် မှစတင်ကာ ဈေးပြန်တက်လာခြင်းဖြစ်သည်။

ဘုရင့်နောင် ကုန်စည်ဒိုင်မှထုတ်ပြန်သည့်ဈေးနှုန်းများအရ ဇန်နဝါရီ ၃ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၆၇၀၀၀ ၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၀၀၀၀၀၊ ဇန်နဝါရီ ၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၈၂၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၂၇၀၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်းနှင့် ဇန်နဝါရီလဆန်းပိုင်းအတွင်း မတ်ပဲဈေး အနည်းငယ် အေးနေခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၅၇၀၀၀ ၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၇၀၀၀ ရှိခဲ့ရာမှ ဇန်နဝါရီ ၁၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၂၀၀၀ ၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၀၀၀၀အ ထိ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent