ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအဝင် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်

ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအဝင် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်
Published 16 January 2018

ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအဝင် လစ်လပ်နေသည့် မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဦးအောင်မြင့်က''ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) အပါအဝင် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ရှစ်နေရာရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာ နှစ်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှာ ခြောက်နေရာ ရှိပါတယ်။အဲဒီ လစ်လပ်မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်းမှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်"ဟု လွှတ်တော်တွင် ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ရှစ်နေရာတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ်မှာ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ကျန်လစ်လပ်နေရာများသည် ကွယ်လွန်သွားသည့်အတွက် လစ်လပ်ခြင်းဖြစ်ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်မြေများမှာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်သူ့လွှတ်တော်တွင် လစ်လပ်နေသည့် နှစ်နေရာသည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် လဲချားမြို့နယ် မဲဆန္ဒနယ်များဖြစ်ကြောင်း သိရသည်။

ဦးအောင်မြင့်က''ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ကို ကြေညာပါမယ်။ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိရဦးမယ်။မဲစာရင်းကောက်ဖို့တွေရော ဆိုတော့လေ။ ၂၀၁၈ ခုနှစ်ထဲမှာတော့ဖြစ်မယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘတ်ဂျက်ကိစ္စတွေလည်း လုပ်နေပါတယ်။ မဲစာရင်းကောက်ရမယ်။ ရွှေ့ပြောင်းသွားတာတွေ၊ ရွှေ့ပြောင်းလာတာတွေ ရှိဦးမယ်။ ကြားဖြတ်ပြုလုပ်မယ့်နေ့ကို မကြာခင်ကြေညာမှာပဲ။ ပြင်ဆင်နေပါပြီ။ မဲစာရင်းကတော့ရှိတယ်။ ဒါပေမယ့်ပြန်စိစစ်ရမယ်။ အဲ့ဒါတွေအတွက် ဘတ်ဂျက်ကသုံးစွဲရဦးမယ်"ဟု ပြောကြားသည်။

မေးခွန်းမေးမြန်းခဲ့သည့် ဦးခင်မောင်လတ်က''ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)က ကိုယ်စားလှယ်က ၂၀၁၇ ခုနှစ်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် ခုနစ်လကြာခဲ့ပြီဖြစ်ပါတယ်။ ဒီမဲဆန္ဒနယ်က ဘူးသီးတောင်၊ မောင်တောနဲ့ဝေးကွာတဲ့ လုံခြုံတဲ့မဲဆန္ဒနယ်ဖြစ်ပါတယ်။ ဘင်္ဂါလီကျေးရွာ နှစ်ရွာပဲရှိပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေရဲ့ ပုဒ်မ ၈၉ မှာ  လစ်လပ်နေတဲ့နေရာမှာ ခြောက်လအတွင်း ရွေးကောက်တင်မြှောက်ပြီးဖြစ်ရမယ်ဆိုပြီးတော့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အခုကတော့ ခုနစ်လရှိပါပြီ။ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ဆိုရင် ၂၀၁၀ ပြည့်နှစ်မှာပြဋ္ဌာန်းခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၀ မှာပါပါတယ်။ ပုဒ်မ ၅၀ မှာက သဘာဝဘေးအန္တရာယ်နဲ့ လုံခြုံရေးအခြေအနေ မရှိမှ ရွှေ့ဆိုင်းလို့ရတာဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှာက ဒီလိုအခြေအနေမျိုးတွေ မရှိပါဘူး။ မဲစာရင်းတွေလည်း ရှိပြီးသားဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းအပ်ပါတယ်"ဟု ပြောကြားသည်။

အရပ်သားအုပ်ချုပ်ရေးစနစ်သို့ပြောင်းလဲခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်းပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ငါးကြိမ်မြောက်ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent