သာကေတမြို့နယ်ရှိ နေအိမ်တိုက်ခန်းသုံးလွှာတွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုကိုသတ်၍ ရွှေထည်များ ယူဆောင်သွားသည့် ကျူးလွန်သူအား ဖမ်းဆီးရမိ

သာကေတမြို့နယ်ရှိ နေအိမ်တိုက်ခန်းသုံးလွှာတွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုကိုသတ်၍ ရွှေထည်များ ယူဆောင်သွားသည့် ကျူးလွန်သူအား ဖမ်းဆီးရမိ
Published 15 January 2018

သာကေတမြို့နယ်ရှိ နေအိမ်တိုက်ခန်း သုံးလွှာတွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုကိုသတ်၍ ရွှေထည်များ ယူဆောင်သွားသည့် ကျူးလွန်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျူးလွန်သူကိုတော့ မနက် ၉ နာရီခွဲ ၁၀ နာရီလောက်မှာ ဖမ်းဆီးရမိပါတယ်။ ၄/မြောက်နယ်မြေအစပ်မှာ သူဆိုက်ကားနင်းနေတုန်း ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ရဲ့ဆိုက်ကားကို သေဆုံးသူအဘွားက အမြဲတမ်း စီးလေ့စီးထရှိတယ်လို့ ကနဦးစစ်ဆေး သိရပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်တွင် သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက် အောင်ဇေယျလမ်းရှိ ခြောက်ထပ်တိုက် တစ်တိုက်တွင် ဆောက်လုပ်ရေး အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် ကို....သည် ယင်းနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အဆိုပါတိုက်၏ သုံးလွှာတွင်နေထိုင်သည့် ၎င်း၏အသက် ၇၇ နှစ်အရွယ် အမေဖြစ်သူကို ထမင်းစားရန် သွားခေါ်ခဲ့ရာ မိခင်ဖြစ်သူမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူမှာ သန်းထွန်းနိုင် (ခ) ကျောင်းသားဆိုသူဖြစ်ပြီး ဖမ်းဆီးရမိရေးအတွက် ၎င်းနေထိုင်သည့် သာကေတမြို့နယ် ၄/တောင်ရပ်ကွက် ကျောင်းလမ်း၊ မ/၄၉၉ သို့ သွားရောက်စုံစမ်းခဲ့ရာ နေအိမ်တွင်မရှိသဖြင့် လိုက်လံရှာဖွေစဉ် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် သန်းထွန်းနိုင် (ခ) ကျောင်းသား (၄၁ နှစ်) အား အမှတ် (၃) ဈေးအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

သန်းထွန်းနိုင် (ခ) ကျောင်းသားမှာ နေ့ပြန်ကြွေးများနှင့် ပေးဆပ်ရန် အကြွေးများ သုံးသိန်းကျော်ရှိသဖြင့် ဒေါ်....(အသတ်ခံရသူ) ဝတ်ဆင်ထားသော ရွှေထည်လက်ဝတ် ပစ္စည်းများကို လုယူရန်အကြံပေါ်ခဲ့ပြီး အခင်းဖြစ်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေါ်....၏ နေအိမ်သို့ သွားရောက်ခဲ့ကာ လူသတ်ပြီး ရွှေထည်ပစ္စည်းများကို ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent