မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အင်းစိန်လမ်းမပေါ်တွင် အငှားယာဉ်မောင်းအမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိ၍ သေဆုံးမှုဖြစ်ပွား

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အင်းစိန်လမ်းမပေါ်တွင် အငှားယာဉ်မောင်းအမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိ၍ သေဆုံးမှုဖြစ်ပွား
Published 15 January 2018

အခင်းဖြစ်ပွားရာနေရ၌တွေ့ရသည့် ရုပ်အလောင်းအား သယ်ယူနေစဉ် (Photo: Zwe Yan Naing Facebook)

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အထက (၂) ကျောင်းအနီး အင်းစိန်လမ်းမပေါ်တွင် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိ၍ သေဆုံးမှု ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်းနေ့ ည ၉ နာရီခန့်တွင် အင်းစိန်လမ်းမပေါ်၌ အငှားယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ဓားဒဏ်ရာများရရှိ၍ လမ်းဘေးတွင်ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် မရမ်းကုန်းမြို့မရဲစခန်းက ဆက်သွယ်မှုအရ အဆိုပါအမျိုးသားအား လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသု့ိ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ERSSDO အရေးပေါ် ပရဟိတအဖွဲ့မှ သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လမ်းလယ်ကျွန်းပေါ်တင်နေသော အငှားယာဉ်ကို လမ်းဘေးသို့ရွှေ့ပြောင်းခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားကာ ည ၁၁ နာရီခွဲခန့်တွင် CID ရဲအရာရှိများ ရောက်ရှိလာပြီး ယာဉ်ပေါ်ရှိ သွေးကွက်များ၊ လက်ဗွေရာများ၊ သက်သေခံပစ္စည်းများ စစ်ဆေးသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကာ ယာဉ်ပေါ်မှ သေဆုံးသူ၏ ဖိနပ်နှင့် အခြားဖိနပ်တစ်ရံတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ရန်ကင်းမြို့နယ်နေ အသက် ၄၀ နှစ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏မိသားစုဝင်များက ည ၁၂ နာရီခန့်တွင် အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားစဉ် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသော ဓားတစ်ချောင်းကိုလည်း မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အေးရိပ်ငြိမ်လမ်းအနီးတွင်တွေ့ရှိ၍ သက်ဆိုင်ရာက သိမ်းဆည်းသွားကြောင်း ပတ်ဝန်းကျင်နေ ပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အငှားယာဉ်မှာ တိုယိုတာကိုရိုလာ အမျိုးအစားဖြစ်ပြီး ယာဉ်အမှတ် BB/....ဖြစ်ကာ သမိုင်းလမ်းဆုံဘက်မှ အင်းစိန်ဘက်သို့ အင်းစိန်လမ်းမအတိုင်း မောင်းနှင်လာစဉ် အထက (၂) ကျောင်းနားအရောက်တွင် လမ်းလယ်ကျွန်းတုံးများပေါ် ရပ်တန့်သွားခဲ့ကြောင်း၊ အဆိုပါယာဉ်ပေါ်မှ ဒဏ်ရာများ ရရှိထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့ကြောင်း၊ အင်းစိန်ဘက်မှ သမိုင်းဘက်သို့သွားမည့် လမ်းဘေးတွင် ကြီးမားသော သွေးကွက်များကိုလည်း တွေ့ရှိရကြောင်း အခင်းဖြစ် ပတ်ဝန်းကျင်အနီး နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

Most Read

Most Recent