မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဆန်တင်ဆောင်လာသည့် ယာဉ်အတွင်းမှ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဆန်တင်ဆောင်လာသည့် ယာဉ်အတွင်းမှ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Published 15 January 2018

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဆန်တင်ဆောင်လာသည့် ယာဉ်အတွင်းမှ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် လားရှိုးမှ မူဆယ်သို့ ဆန်တင်ဆောင်လာသည့် ယာဉ်အမှတ် MDY - 7E .... ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကားဂီယာဘောက် လေအိတ်ဘေးတွင် ချိတ်ထားသော ကြွတ်ကြွတ်အိတ်အတွင်းမှ TNT ယမ်းပျော့ ၂၀၀ ဂရမ်ပါ လေးတုံးနှင့် ဘောစေ့များရောထည့်ထားသည့် အမြင့်ရှစ် လက်မ၊ အချင်းခြောက်လက်မခန့်ရှိ သံပုံးတစ်ပုံး၊ ဓာတ်ခဲသေးငါးလုံး၊ Receiver တစ်ခုနှင့် ဒီတိုနေတာတစ်ခုတို့အား တပ်ဆင်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား စစ်ဆေးမေးမြန်းချက်အရ ယင်းမိုင်းနှင့် ဆက်စပ်ပစ္စည်းများသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများက ယာဉ်ပေါ်တွင် လာရောက် ချိတ်ဆွဲထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း မိုင်တိုင်အမှတ် ၂၉/၇ နှင့် ၂၉/၈ အကြား၌ လားရှိုး-မိုးမိတ် ခရီးသည် ပို့ဆောင်ရေးယာဉ်အသင်းမှ ခရီးသည်တင်ယာဉ်တစ်စီးမှာ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) မှ ထောင်ထားသော ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါခရီးသည်များဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent