လာမည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းကားများ စတင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ

လာမည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းကားများ စတင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ
Published 15 January 2018

လာမည့်ကျောင်းဖွင့်ရာသီတွင် ကျောင်းကားများ စတင်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီအဖွဲ့ဝင် ဦးသန်းနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

“လိုက်ထရပ်တွေကတော့ လုံခြုံမှုမရှိတဲ့အတွက်ကြောင့် မဆွဲစေချင်တော့ဘူး။ ဒီလိုပဲ ရွှေ့ရွှေ့လာတာလေ။ သီတင်းကျွတ်ကို လျာထားတယ်။ ဒီဇင်ဘာ လျာထားတယ်။ အဆင်မပြေဘူးဆိုတော့။ အစ်ကိုတို့ကတော့ ပြောလိုက်တယ်။ ဇန်နဝါရီတို့ ဖေဖော်ဝါရီတို့မှာ ကျောင်းတွေမှာ Demonstration ပြမယ်ပေါ့။ အဓိက,ကတော့ အစိုးရကပဲ လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ နိုင်သလောက်ကတော့ အစိုးရက လုပ်မယ်။ ပုဂ္ဂလိက,ကလည်း လုပ်ကြပေါ့။ အဓိက,ကတော့ ဘယ်မောင်းကားတွေ ဖြစ်ဖို့လိုတယ်။ လိုက်ထရပ်မဖြစ်ဖို့ ဆန္ဒရှိတယ်။ လာမယ့် ကျောင်းဖွင့်ရာသီမှာ စသုံးနိုင်အောင် ကြိုးစားမယ်လို့ အစ်ကိုတို့ကို ပြောတယ်” ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ ကော်မတီသည် လွှတ်တော် ရပ်နားနေချိန်တွင် အပတ်စဉ်ကော်မတီ အစည်းအဝေးများ ပြုလုပ်ကြောင်း သိရသည်။

“လာမယ့် ကျောင်းဖွင့်ရာသီကျရင် ကျောင်းကားကို လိုက်ထရပ်ကားတွေကို ပေးမဆွဲတော့ဘူး။ သူတို့ရဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဘယ်မောင်းဖြစ်ရမယ်တို့၊ လုံခြုံစိတ်ချရတဲ့ဟာ ဖြစ်ရမယ်တို့။ သူတို့ ကျောင်းကားတွေကို အရစ်ကျနဲ့ ဝယ်ယူပြီးတော့ ဆွဲရင်လည်း ဆွဲပေါ့။ Town Ace တို့ အံစာတုံးတို့ ရှိတဲ့ဟာတွေကတော့ လက်ခံဦးမယ်ပေါ့။ နောက်ပိုင်းကျရင် သူတို့ရဲ့ သတ်မှတ်ချက်ပြည့်တာကိုပဲ ဆွဲစေချင်တာပေါ့” ဟု ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ၏ ပြီးခဲ့သည့် အစည်းအဝေးတွင် ကျောင်းကားများနှင့်ပတ်သက်ပြီး ကော်မတီဝင်များနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“လိုက်ထရပ်တွေကို ကျောင်းကား ပြေးဆွဲခွင့်မပြုဘူးဆိုရင် အမိန့်ကြေညာချက်မျိုးကို စောစောစီးစီး ထုတ်ပြန်ပေးဖို့။ ဒါမှ လိုက်ထရပ် ကျောင်းကားဆွဲတဲ့သူတွေက တခြားစီးပွားရေးကို ပြောင်းလဲလုပ်နိုင်မှာလို့ အကြံပြုလိုက်တယ်။ ဒါကတော့ ကလေးတွေ ကျောင်းကားကိစ္စက ကောင်းမွန်တဲ့ကိစ္စပါ။ ဒါပေမဲ့ တစ်ဖက်က ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေ အခြေပျက်မသွားဖို့ ကြိုတင်ပြီးတော့ ပြောထားသင့်တယ်လို့ ပြောလိုက်တယ်။ သူတို့ကလည်း ပြောပါမယ်လို့ ပြောသွားတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (KOTRA)၊ POSCO Daewoo ကော်ပိုရေးရှင်းတို့ သဘောတူညီမှု စာချုပ်ရေးထိုးပြီး ကျောင်းကားများ ဝယ်ယူခဲ့သည်။

“အဲဒါတွေက အစိုးရနဲ့ ကုမ္ပဏီတစ်ခုနဲ့ လုပ်ထားတာ။ ကုမ္ပဏီတစ်ခုက တာဝန်ယူပြီးတော့ ဆွဲပေးမယ်ပြောတယ်။ ကားထဲမှာ စီစီတီဗွီတွေ၊ ဂျီပီအက်စ်တွေ တပ်ပေးရမယ်လို့ ဆွေးနွေးတာတွေရှိတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Most Read

Most Recent