လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းနေသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ဆန်တန်ချိန်သုံးသန်းကျော် တင်ပို့နိုင်မည်ဟု မျှော်မှန်း

လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းနေသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ဆန်တန်ချိန်သုံးသန်းကျော် တင်ပို့နိုင်မည်ဟု မျှော်မှန်း
Published 14 January 2018

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိအချိန်တွင် ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းနေပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလနီးပါး ကျန်ရှိနေသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်၌ ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းကျော် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“ဒီနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၈သန်းလောက်တင်ပို့ နိုင်မယ်မှန်းထားတာ။ အခုလက်ရှိကို ဆန်တန်ချိန် ၂ ဒသမ ၅ သန်းလောက် တင်ပို့ထားပြီးပြီ။ ဘဏ္ဍာနှစ် ကုန်ဆုံးဖို့ကလည်း နည်းနည်းလိုသေးတော့ ဒီနှစ်ကုန်မှာ တန်ချိန်သုံးသန်းကျော် တင်ပို့နိုင်မယ်လို့ မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ပထမပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော် တင်ပို့ထားပြီး ယခုနှစ်အတွင်း ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၄၈၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၅ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော် တင်ပို့ထားပါတယ်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် ပိုမိုတင်ပို့ထားတာဖြစ်ပြီး တန်ဖိုးအနေနဲ့ ဒေါ်လာ သန်း ၄၈၀ ပိုမိုရရှိထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ယခင်နှစ်ကာလတူထက် တန်ချိန်ခုနစ်သိန်းကျော်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ကိုးသိန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်း ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံးတင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခြင်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့နိုင်ရန်အတွက်ကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

“၂၀၂၀ မှာ ဒေါ်လာသန်း တစ်ထောင်အထိ ဝင်ငွေရရှိစေဖို့ ဆန်တန်ချိန် သုံးသန်း တင်ပို့နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်” ဟု  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လက်ရှိကာလတွင် အဆိုပါလျာထားချက် ကျော်လွန်တင်ပို့ထားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးဈေးကွက် ပုံမှန်လည်ပတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ပကုန်သည် (International Buyer) များကို ရောင်းချပေးသကဲ့သို့  နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်ညှိနှိုင်းရောင်းချသည့် G to G အစီအစဉ်ကိုပါ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent