၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 January 2018

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ အချို့က ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ အကြောင်းကြားထားကြောင်း ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က The Daily Eleven သတင်းစာကို ဇန်နဝါရီ ၁၃ ရက်က ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သော်လည်း ကျင်းပမည့်ရက်ကို အတိအကျမပြောနိုင်သေးကြောင်း ဦးအောင်မြင့်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လစ် လပ်ကြောင်းကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများက  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားလာခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် “အကြောင်းကြားတော့မယ်။ အကြောင်းကြားထားတဲ့ နေရာတွေလည်း ရှိတယ်။ အကြောင်းမကြားသေးတဲ့ နေရာတွေလည်း ရှိတယ်။ ရှိတော့ရင် ဥပဒေအတိုင်းပြောလို့ အကြောင်းကြားတယ်သူကနေစ လုပ်ရမှာပေါ့ဗျာ။ နောက်လွှတ်တော်က နောက်တစ်လနေမှ အကြောင်းကြားရင် အဲဒီတော့ နောက်တစ်လပေါ့။ အဲဒီလိုဆိုရင်တော့ ရွေးကောက်ပွဲက ဆက်နေတော့မှာလေ။ အဲဒီလိုပဲ ကုန်အောင်စုံအောင် စောင့်ပြီးတော့ ညှိတယ်ဆိုတာ အဲဒါပေါ့။ အကုန်အကြောင်းကြားတော့မှာပါ။ သေချာပါပြီ။ အဲဒီလိုလုပ်ရမှာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေများတွင် “လွှတ်တော်တွင် တစ်စုံတစ်ရာ အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်လျှင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့်နေ့မှစ၍ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်အတွက် တစ်နှစ်အတွင်းတွင်လည်းကောင်း၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များအတွက် ခြောက်လအတွင်းတွင်လည်းကောင်း ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက်တင်မြှောက်ပြီးဖြစ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် နှစ်နေရာမှာ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်တို့ဖြစ်ပြီး ကျန်လစ်လပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ငါးနေရာမှာ ချင်းပြည်နယ်၊ မတူပီ မဲဆန္ဒနယ်(၁)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်(၂)၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ် (၁)၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမဲဆန္ဒနယ်(၁)နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်(၂) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent