အင်းဝအပ်ချုပ်ဆိုင် အမှုမှ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ဒေါ်တင်သူဇာ ဆီးချိုရောဂါဖြင့် အင်းစိန်အကျဉ်းထောင်၌ ကွယ်လွန်ကြောင်း သိရ

အင်းဝအပ်ချုပ်ဆိုင် အမှုမှ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ဒေါ်တင်သူဇာ ဆီးချိုရောဂါဖြင့် အင်းစိန်အကျဉ်းထောင်၌ ကွယ်လွန်ကြောင်း သိရ
Published 14 January 2018

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူလေးဦးထဲမှ ထောင်ဒဏ် (၁၆) နှစ် (၁) လ ချမှတ်ခံရထားသည့် ဒေါ်တင်သူဇာသည် ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီခန့်တွင် အင်းစိန်းအကျဉ်းထောင်၌ ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ၎င်း၏မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မနေ့ညက ၁၁နာရီလောက် ဆုံးတာပါ။ သူက ဆီးချိုရောဂါရှိတယ်။ ခြေထောက်က ဖြတ်ရမယ့် အနေအထားဖြစ်နေတယ်။ ဒီ ၁၅ ရက်၊ ၁၆ ရက်နေ့လောက်မှ ဖြတ်ဖို့တောင် လုပ်နေတာပါ။ အင်းစိန်အကျဉ်းထောင်ထဲမှာ ဆုံးသွားတာပါ” ဟု မိသားစုဝင်တစ်ဦးက ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြောကြားသည်။

အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်သဖြင့် လူကုန်ကူးမှု အပါအဝင် ရာဇသတ်ကြီးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦး အမှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ြ့ခင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များဖြစ်သည့် ဒေါ်တင်သူဇာနှင့် မစုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ်တစ်လစီ၊ ကိုရာဇာထွန်းအား ထောင်ဒဏ် ၁၃ နှစ် ၁ လနှင့် ကိုတင်မင်းလတ်ကို ထောင်ဒဏ် ၉ နှစ်နှင့် ၁ လစီ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်မိသားစုဝင်နှစ်ဦးဖြစ်သည့် ဦးကိုလတ်နှင့် မသီရိလတ်တို့မှာ ပြစ်မှုမထင်ရှားသည့်အတွက် အမှုမှကွင်းလုံးကျွတ် လွှတ်ပေးခဲ့ကြောင်းနှင့် ပြစ်ဒဏ်များနှင့် ပတ်သက်ပြီး အယူခံ တက်ရောက်ခွင့်ရှိကြောင်း အနောက်ပိုင်းခရိုင် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်တင်သူဇာနှင့် မစုမွန်လတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄၊ ၂၉ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ၊ ကိုတင်မင်းလတ်နှင့် ကိုရာဇာထွန်းတို့ကို လူကုန်ကူးမှုကို အားပေးကူညီသည်ပုဒ်မ ၃၂ ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။

ထို့ပြင် ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်နှင့် ကိုရာဇာထွန်းတို့ကို ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုရာဇာထွန်းတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ် ၅ နှစ်စီ၊ ကိုတင်မင်းလတ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အိမ်တွင်းပိတ်လှောင်စေမှုဖြင့် အဆိုပါ လေးဦးစလုံးအား ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့သည်။

Most Read

Most Recent