<

မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်ရှိသော မြို့နယ်များ ပိုများလာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်ရှိသော မြို့နယ်များ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် ပိုများလာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Monitor) က ဇန်န၀ါရီ ၁၀ ရက် တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၁၆ ခုနှစ်က မိုင်းနှင့် ပတ်သက်၍ သံသယရှိဖွယ် အန္တရာယ်များသော ဒေသများ (Suspected Hazardous Areas) အဖြစ် သတ်မှတ်ထားသည်မှာ မြို့နယ် ၆၀ ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်မူ မိုင်းအန္တရာယ်ရှိသော ဒေသများမှာ ၇၁ မြို့နယ်အထိ ဖြစ်လာကြောင်း အစီရင်ခံစာအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မိုင်းအန္တရာယ်ရှိသော မြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဘုတ်ပြင်း၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ သရက်ချောင်းနှင့် ရေဖြူ၊ ပဲခူးတိုင်းဒေသကြီးတွင် ကျောက်ကြီး၊ ရွှေ ကျင်၊ သနပ်ပင်နှင့် တောင်ငူ၊ ကယားပြည်နယ်တွင် ခုနစ်မြို့နယ်စလုံး၊ ကရင်ပြည်နယ်တွင် ခုနစ်မြို့နယ်စလုံး၊ ကချင်ပြည်နယ်တွင် ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ မံစီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆင်ဘို (ဆင်ဘိုမြို့သည် မြစ်ကြီးနားမြို့နယ်ထဲတွင် ပါဝင်သည်)၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဆော့လော်နှင့် ၀ိုင်းမော်၊ မွန်ပြည်နယ်တွင် ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံနှင့် ရေး၊ ရခိုင်ပြည်နယ်တွင် မောင်တော၊ ရှမ်းပြည်နယ်တွင် ဟိုပုံး၊ သိန္နီ၊ ဆီဆိုင်၊ သီပေါ၊ ကုန်းကြမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လင်းခေး၊ လားရှိုး၊ လွိုင်လင်၊ လောက်ကိုင်၊ မိုင်းတုံ၊ မောက်မယ်၊ မိုင်းရှူး၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ နမ့်ဆန်၊ တာချီလိတ်၊ နမ္မတူ၊ နမ့်ခမ်း၊ မူဆယ်၊ ရပ်စောက်နှင့် ရွာငံ၊ ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထပ်တိုးလာသည့် မိုင်းအန္တရာယ်ရှိသော မြို့နယ်များမှာ တနင်္သာရီတိုင်းဒေသကြီးမှ မြိတ်၊ ကချင်ပြည်နယ်မှ ဗန်းမော်၊ ရွှေကူ၊ ဆွမ်ပရာဘွမ်၊ တနိုင်းနှင့် ရှမ်းပြည်နယ်မှ မူဆယ်၊ သီပေါ၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင်နှင့် မိုင်းတုံမြို့နယ်တို့ဖြစ်ကြရာ ၁၁ မြို့နယ် တိုးလာကြောင်း အစီရင်ခံစာအရ သိရသည်။

လွန်ခဲ့သောနှစ်များအတွင်း ရှမ်းပြည်နယ်မြောက်ဘက်နှင့် ကချင်ပြည်နယ်တို့တွင် မိုင်းဖြန့်ကြက် တည်ရှိမှုသည် အလွန်တိုးတက် များလာခဲ့ကြောင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့သည် မိုင်းပျံ့နှံ့မှုအများဆုံး နေရာများဖြစ်ပြီး မိုင်းထိသူ အမြင့်ဆုံးအဖြစ် မှတ်တမ်း တင်ထားသော နေရာများလည်း ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်အနီးရှိ မြို့နယ်များကို သံသယရှိဖွယ် အန္တရာယ်များသော ဒေသများအဖြစ် ယူဆထားကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့သည် ၁၉၉၉ ခုနှစ် ပထမအကြိမ် အစီရင်ခံစာ စတင်ထုတ်ဝေသည့် အချိန်မှစ၍ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် အစိုးရတပ်ဖွဲ့နှင့် အစိုးရ မဟုတ်သော တပ်ဖွဲ့များ၏ မိုင်းအသုံးပြုမှုကို မှတ်တမ်းတင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ပထမ သုံးလပတ် သက်တမ်းအထိ လေ့လာထားသော ယင်းအစီရင်ခံစာ ကာလအတွင်း မိုင်းအသုံးပြုမှုသည် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ၂၉၈ ဦး သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသည်ဟု အဆိုပါဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ကြောင်း၊ ဆိုလိုသည်မှာ သုံးရက်လျှင် မြေမြုပ်မိုင်းထိခိုက်မှု တစ်ခုရှိကြောင်း၊ မြေမြှုပ်မိုင်းထိသူများအနက် တစ်ဦးသည် ကလေးဖြစ်ပြီး မိုင်းထိသူ လေးဦးတွင် တစ်ဦးသေဆုံးသည်ဟု ၀န်ကြီးဌာနကို ကိုးကား၍ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၁ ဦးရှိပြီး ဒဏ်ရာရသူ ၈၉ ဦးရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး မှတ်တမ်းများနှင့် သတင်းဌာန မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအသုံးပြု မှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ် (Mine Ban Treaty) ကို လက်မှတ် ရေးထိုးထားခြင်း မရှိသလို ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှုတားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ် (The Convention on Cluster Munitions) ကိုလည်း လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။














Copy Protected by Chetan's WP-Copyprotect.