<

ကုမ္ပဏီ မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီ ဖြစ်သည့်အတွက် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှား ဖြစ်ပေါ်ပါက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် တရားဝင် ဖြေရှင်းပေးနိုင်မည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားပြီဖြစ်သဖြင့် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားများ ဖြစ်ပေါ်လာပါက တရားဝင်ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း ဇန်န၀ါရီ ၁၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း န၀မအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားမှ သိရသည်။

“ကုမ္ပဏီ မှတ်ပုံတင်ကို နိုင်ငံတော်က ခွင့်ပြုပေးလိုက်တဲ့အတွက် အရောင်းအ၀ယ် လုပ်တဲ့အခါမှာ တရားဝင် ဖြစ်သွားပါတယ်။ တစ်ချိန်တုန်းက အရောင်းအ၀ယ် လုပ်တဲ့အခါမှာ ရောင်းမှားဝယ်မှား ဖြစ်ခဲ့လို့ရှိရင် မင်းတို့အသင်းက တရားဝင်လားဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ဖြေနိုင်သွားပါပြီ။ ကျွန်တော်တို့ အရောင်းအ၀ယ်မှာ အမှားအယွင်း ရှိခဲ့လို့ရှိ ရင် ဖြေရှင်းပေးနိုင်ပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်း ပစ္စည်းသိမ်း ငွေပေးချေမှုများကို ညနေပိုင်းမှသာ ဆောင်ရွက်သဖြင့် ငွေပေးမည့်အချိန်တွင် ရွှေဈေးနှုန်း အတက်အကျများကြောင့် ရောင်းသူဝယ်သူများအကြား အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“စာရင်းမှားတာ ရှိတယ်၊ ငွေအပေးအယူ ကြာတာ ရှိတယ်။ ညနေ ၄ နာရီမှာ ပစ္စည်းသိမ်း ငွေပေးတော့ အဲဒါလုပ်ရတဲ့အတွက် ငွေလာပို့တာ နည်းနည်းနောက်ကျတာတို့ တစ်နာရီ နှစ်နာရီလောက် ကွာသွားတဲ့အချိန်မှာ ဈေးက ပြုတ်ကျသွားရော။ ဈေးတက်နေရင်တော့ ပြဿနာမရှိဘူး။ လက်ခံတဲ့သူက ဈေးကကျသွားချိန်မှာ အဲဒီမှာ စကားတွေများရရော။ အဲဒီတော့ အသင်းကနေပြန်ပြီးတော့ ဖျန်ဖြေပေးရတာပေါ့။ ပမာဏများတဲ့ အခါကျတော့ ကျွန်တော်တို့ ပြဿနာရှိလာတယ်ပေါ့။ ရှုံးတဲ့လူက မကျေနပ်ဘူး။ အသင်းက တရားဝင် ဟုတ်တာတို့ မဟုတ်တာတို့တွေပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွှေအရောင်းအ၀ယ် ပြုလုပ်ရာတွင် ပြည်တွင်း ပြည်ပသို့ တင်သွင်းတင်ပို့ခြင်း လုပ်ကိုင်နိုင်မည်ဖြစ်ပြီး စတော့ရွှေဈေးကွက်အထိ တိုးချဲ့ရောင်းချနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။














Copy Protected by Chetan's WP-Copyprotect.