နစ်နာမှုကိုတိုင်တန်းသည့်စာကို သမ္မတရုံးကလက်ခံရရှိ၍ စိစစ်သွားမည်ဟုအကြောင်း ပြန်ကြားစာရရှိပြီးနောက် ရခိုင်ပြည်နယ်တွင် ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာမအလုပ်မှ ထုတ်ပယ်ခံရမှု သတင်းစာရှင်းလင်း

နစ်နာမှုကိုတိုင်တန်းသည့်စာကို သမ္မတရုံးကလက်ခံရရှိ၍ စိစစ်သွားမည်ဟုအကြောင်း ပြန်ကြားစာရရှိပြီးနောက် ရခိုင်ပြည်နယ်တွင် ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာမအလုပ်မှ ထုတ်ပယ်ခံရမှု သတင်းစာရှင်းလင်း
Published 14 January 2018

နစ်နာမှုကိုတိုင်တန်းသည့်စာအား နိုင်ငံတော်သမ္မတရုံးက လက်ခံရရှိ၍ စိစစ်ဆောင်ရွက်သွားမည်ဟု အကြောင်းပြန်ကြားစာ ရရှိပြီးနောက်တွင် ရခိုင်ပြည်နယ်၌ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာမအလုပ်မှ ထုတ်ပယ်ခံရမှုကို ကာယကံရှင် ကျောင်းဆရာမ ဒေါ်အေးမြသိန်းက ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ City Star Hotel  တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် သတင်းစာရှင်းလင်းသူ ဆရာမက ၎င်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အ-ထ-က (၂) ကျောင်းတွင် တာဝန်ထမ်းဆောင်နေစဉ် ၎င်းစာသင်နေသည့် အခန်းအတွင်းသို့ တစ်ကျောင်းတည်း တာဝန်အတူ ထမ်းဆောင်နေသူ ဆရာမနှင့်အဆိုပါ ဆရာမ၏သမီးဖြစ်သူတို့ ရောက်ရှိလာပြီးတစ်ဦးက အသင့်ပါလာသည့် ထီးဖြင့်ရိုက်နှက်ခဲ့ပြီး တစ်ဦးက အခန်းဝသို့ ပိတ်ထားကြောင်း၊ အဆိုပါ ဖြစ်စဉ်ကိုလည်း အတန်းထဲမှ ကျောင်းသူ ကျောင်းသားများ မြင်တွေ့ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်ခံခဲ့ရသဖြင့် ရိုက်နှက်သူများကို အရေးယူပေးရန် မြောက်ဦးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သော်လည်း ယနေ့အချိန် အထိ ထူးခြားမှု မရှိခဲ့ကြောင်း၊ ယင်းနောက် အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာပညာရေးဌာနများသို့ တိုင်တန်းခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့သက်ဆိုင်ရာ ဌာနများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ရိုက်နှက်သူဆရာမအား မူလတန်းပြ အဖြစ်ရာထူးလျှော့၍ ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်းကို ကျောင်းအုပ်ဆရာကြီး အစည်းအဝေးတွင် ဖတ်ကြားရှင်းလင်းခဲ့သော်လည်း ရိုက်နှက်သူဆရာမမှာ ပြောင်းရွှေ့ ခံရသည့်နေရာသို့ မသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးက ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ပြီး ရိုက်နှက်သူဆရာမနှင့် အရိုက်ခံရသူ ၎င်းကိုပါ အလယ်တန်းပြမှ မူလတန်းပြ ရာထူးလျှော့၍ ပြောင်းရွှေ့ခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်များအား ကျေနပ်မှုမရှိ၍ ၂၀၁၇ ခုနှစ် ဖေဖာ်ဝါရီ ၂၂ရက်တွင် နေပြည်တော်ရှိ အခြေခံပညာဦးစီး ဌာနညွန်ကြားရေးမှူး ချုပ်ထံအသနားခံစာတင်ပြခဲ့ပြီး နိုင်ငံတော် သမ္မတရုံးသို့လည်း ပေးပို့ခဲ့ကြောင်း ရှင်းလင်းသူ ဆရာမဒေါ်အေးမြသိန်းက ဆိုသည်။

ထိုသို့ အသနားခံစာတင်ပြမှုကြောင့် ပြည်နယ်ပညာရေးမှူးရုံးက ၂၀၁၇ ခုနှစ် သုံးလပိုင်းတွင် တတိယအကြိမ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ် လေးလပိုင်းတွင် မြောက်ဦးမြို့နယ်အတွင်း ကျောင်းတစ်ကျောင်းတွင် မူလတန်းပြတာဝန် ထမ်းဆောင်နေစဉ်  လူ့အခွင့်အရေး အဖွဲ့တစ် ဖွဲ့ရောက်ရှိလာကာ ၎င်း၏ နစ်နာမှုများကို မေးမြန်းမှုများပြုလုပ်ပြီး ဖေ့စ်ဘွတ်လူမှုကွန် ရက်စာမျက်နှာပေါ် တင်ခဲ့ကြောင်း၊ ယင်းသို့တင်ခဲ့သည်ကို ၎င်းသည်ဖေ့စ်ဘွတ်မသုံး တတ်သဖြင့်မသိဘဲ သားဖြစ်သူကလာပြမှသာ သိရှိခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ နစ်နာမှုအကြောင်းတိုင်ကြားခဲ့သည့်စာကို  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် လက်ခံရရှိ၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်သူတို့၏တင်ပြစာများ စိစစ်ကြီးကြပ်ရေးကော်မတီကအကြောင်း ပြန်ခဲ့သဖြင့် ဝမ်းသာနေကြောင်း၊ ထိုသို့ရှိစဉ် ၎င်းထံသို့  စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံးက ၎င်းကို ကျူရှင်သင်ပြခြင်း၊ စာသင်ခန်းအတွင်းရန်ဖြစ်ခြင်းတို့ကြောင့် တစ်ဆင့်နိမ့်ရာထူးလျှော့၍ ကျောင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အထက်အရာရှိများအား မဟုတ်မမှန် ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံဖြင့် ကြံစည်ဆောင်ရွက်နေ၍ လက်ရှိရာထူးမှ ထုတ်ပယ်လိုက်သည်ဆိုသည့် အလုပ်ထုတ်သည့်စာကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အလုပ်ထုတ်ခံရသူ ဆရာမက မီဒီယာများသို့ ရှင်းလင်းပြောကြားသည်။

ထို့ပြင် ၎င်းသည် ရခိုင်ပြည်နယ်ရှိ အမက၊ အလက၊ အထက စသည့်ကျောင်းပေါင်း ခုနစ်ကျောင်းတွင် ၁၉၈၃ ခုနှစ်မှ စ၍  ၂၀၁၇ ခုနှစ်အထိ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရှင်းလင်းသည်။

“ပညာရေးဝန်ထမ်းများ နောင်မတရား မခံရစေရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်မမှာ အပြစ်မရှိပါ။  နိုင်ငံတော်အတိုင်ပင်ခံရုံးကိုလည်း အသနားခံစာ တင်ပြထားပါတယ်။ ကျွန်မမှာဘာမှအပြစ်မရှိတဲ့အတွက် မူလရာထူးကိုပဲ ပြန်ရချင်ပါတယ်။ ကျွန်မအသက် ၅၇ နှစ်ပါ။ သားနဲ့သမီးရှိပါတယ်။ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တာလည်း ၃၄ နှစ်ကျော် ၃၅ နှစ်အတွင်း ရောက်နေပါပြီ။ နိုင်ငံတော်က ချီးမြှင့်တဲ့ လုပ်သက်ဆုကြေးပင်စင်လစာဖြင့် ဂုဏ်ယူစွာပင် ခံစားဖို့ ရည်မှန်းထားခဲ့ပါတယ်။ ကျွန်မနဲ့ ကျွန်မကိုမှီခိုနေတဲ့ မိသားစုဘ၀ ပျက်သုဉ်းပျက်စီးသွားရမယ့် အခြေအနေရောက်နေတဲ့အတွက် ကျွန်မဖြစ်စဉ်ကို တရားမျှတစွာ ပြန်လည်စိစစ်ပေးပြီး မူလရာထူးအလယ်တန်းပြကို တိုးမြှင့်ပေးဖို့တောင်းဆိုပါတယ” ဟု သတင်းစာရှင်းလင်းခဲ့သည့် ဆရာမဒေါ် အေးမြသိန်းက ပြောကြားသည်။

Most Read

Most Recent