မလေးရှားနိုင်ငံသားတစ်ဦး မြန်မာပလာဇာရှေ့တွင် ယာဉ်တိုက်ခံရမှုကြောင့် ပွဲချင်းပြီးသေဆုံး

မလေးရှားနိုင်ငံသားတစ်ဦး မြန်မာပလာဇာရှေ့တွင် ယာဉ်တိုက်ခံရမှုကြောင့် ပွဲချင်းပြီးသေဆုံး
Published 14 January 2018

ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့သူအား သယ်ဆောင်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ- မိုးစေတနာ ပရဟိတအသင်း (ရန်ကုန်)

ကမ္ဘာအေးဘုရားလမ်း မြန်မာပလာဇာရှေ့တွင် မလေးရှားနိုင်ငံသားတစ်ဦး ယာဉ်တိုက်ခံရမှုကြောင့် ပွဲချင်းပြီးသေဆုံးမှု ဇန်နဝါရီ ၁၃ ရက် နံနက် ၂ နာရီ  ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတ အသင်း (ရန်ကုန်) မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ  ကမ္ဘာအေးဘုရားလမ်း မြန်မာပလာဇာရှေ့ ဆူးလေမှမြောက်ဥက္ကလာဘက်သို့သွားသည့် အခြမ်းတွင် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ မိုးစေတနာပရဟိတ အသင်းမှသွားရောက်ကူညီခဲ့ကြောင်း၊ အခင်းဖြစ်နေရာအရောက်တွင် ယာဉ်တိုက်ခံရသည့် အမျိုးသားမှာ သေဆုံးနေကြောင်း၊ သေဆုံးသည့်အမျိုးသားမှာ  အသက်  ၃၃  အရွယ် မလေးရှားနိုင်ငံသားတစ်ဦးဖြစ်ကြောင်း  မိုးစေတနာပရဟိတအသင်း (ရန်ကုန်) မှ အတွင်းရေးမှူး ကောင်းဆက်ဇော်က ပြောကြားသည်။

“မြန်မာပလာဇာရှေ့မှာ အမျိုးသားတစ်ဦး ကားတိုက်ခံရတာဆိုပြီး  မနက် ၂ နာရီ ၁၅ လောက်မှာ အကြောင်းကြားတယ်။ လူနာတင်ယာဉ်နဲ့ အခင်းဖြစ်နေရာရောက်တဲ့အခါမှာတော့ အဲဒီအမျိုးသားဟာ သေဆုံးနေတာ တွေ့ရတယ်။ သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် မလေးရှားနိုင်ငံသားဖြစ်တယ်လို့ သူ့မှာပါတဲ့ ပတ်စ်ပို့စာအုပ်ကနေ သိရပါတယ်။ တိုက်သွားတဲ့ကားကိုတော့ မမိလိုက်ဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ စုံစမ်းဆောင်ရွက်နေပါတယ်။ သေဆုံးတဲ့သူရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု မိုးစေတနာပရဟိတအသင်း (ရန်ကုန်) မှ အတွင်းရေးမှူး ကောင်းဆက်ဇော်က ပြောကြားသည်။

ယာဉ်တိုက်ခံရသည့် မလေးရှားနိုင်ငံသားမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ညာဘက် ခါးစောင်းပွန်းပဲ့ဒဏ်ရာ၊ ဘယ်ဘက်ဒူးဆစ်ပြုတ်ဒဏ်ရာနှင့် ညာခြေမျက်စိပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း၊ ယာဉ်တိုက်မှု ဖြစ်စဉ်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိများက စုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းက ယာဉ် (ပ) ၄/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) / ၂၇၉/ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent