<

ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းမည်

ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ပုဂ္ဂလိကရေယာဉ်များအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသော ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲကော်မတီအသစ် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဝင်ဖြစ်၊ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေအဖွဲ့ဝင်  ကနီမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ  ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲဥပဒေအသစ်ပြဋ္ဌာန်းထားပြီးနောက် ယင်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုလက်ရှိအဖွဲ့အစည်းတွေ အကုန်လုံးက အဖွဲ့ဟောင်းတွေဖြစ်ပါတယ်။ အဖွဲ့ဟောင်းတွေဆိုတော့ ကျွန်တော်တို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ ပြဋ္ဌာန်းလိုက်ပြီ။ ပြဋ္ဌာန်းပြီးတော့ အဲဒီဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အတွက် ချင်းတွင်းမြစ်ဝှမ်းမှာရှိတဲ့ ရစကတွေအားလုံးကို အသစ်ပြန်ဖွဲ့ရမှာပါ။ တချို့မြို့တွေကတော့ ဖွဲ့ပြီးပြီ။ တချို့မြို့နယ်တွေကတော့ မဖွဲ့ရသေးဘူးပေါ့နော်။ တချို့မြို့နယ်တွေဖွဲ့တာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားမပါဘဲနဲ့ ဖွဲ့တာတွေရှိတယ်။ အဲဒီမြို့နယ်တွေအားလုံးကို ပွင့်လင်းမြင်သာစွာနဲ့ အသစ်ပြန်ဖွဲ့ရမယ်” ဟု ကနီမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲဥပဒေထဲတွင် ဖွဲ့စည်းရမည့်နည်းလမ်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ရွေးချယ်ခွင့်ရှိသူတစ်ဦးနှင့် ရေယာဉ်ပိုင်ရှင်းများထဲမှ သုံးဦးတို့က ဥပဒေအရ အသစ်ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း ယင်းကဲ့သို့ဖွဲ့စည်းရာတွင် ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရေယာဉ်များစစ်ဆေးရေးအဖွဲ့(၂) ဖွဲ့ပါ   ဖွဲ့စည်းရမည်ဖြစ်ကြောင်း  ၎င်း၏ ပြောပြချက်အရ  သိရသည်။

“အမြဲတမ်းပြဿနာတက်နေတာ ရေယာဉ်ပိုင်ရှင်ရယ်၊ နောက်ပြီးတော့ ရစကရယ်ပေါ့နော်။ နောက်ခရီးသည်ရယ်၊ ဒီသုံးဦးက ပြဿနာတက်နေတယ်။ တက်နေတဲ့အခါကျတော့ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း အဖွဲ့ဟောင်းဖြစ်တဲ့အခါကျတော့ သမာသမတ်ကျသလား၊ မျှတသလား၊ မမျှတဘူးလား၊ အသံတွေကလည်း အသံစုံတီးဝိုင်း ထွက်နေတာလေ။ အခုဖွဲ့မှာကျတော့ ရေယာဉ်ပိုင်ရှင်တွေက သူတို့ကိုယ်တိုင်ပါဝင်ပြီးတော့ အသစ်ရွေးချယ်ပြီးတော့ ဖွဲ့စည်းခွင့်ပေးထားတယ်။ ရေယာဉ်ရုံးရှိတဲ့နေရာတွေကို အကုန်လုံးကို အသစ်ဖွဲ့စည်းသွားမှာပါ။ ထူးခြားချက်ကတော့ ဆားလင်းကြီးမှာ တစ်ခါမှ အဖွဲ့ရသေးတဲ့အဖွဲ့ကို ထပ်ဖြည့်ပြီး ဖွဲ့စည်းသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်အတွင်းက  ပုဂ္ဂလိကရေယာဉ်များသည် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် စတင်ပြေးဆွဲခဲ့ကြပြီး ခရီးသည် သီးသန့်စီး အမြန်ရေယာဉ်အသင်းရှစ်သင်းမှ အစီးရေ ၁၃၈ စီး၊ ကုန်တင်ရေယာဉ် အသင်း ၁၇ သင်းမှ အစီးရေ ၅၂၅ စီးရှိကြောင်း စုစုပေါင်းအစီးရေ ၆၆၃ စီးတို့သည် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.