လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သော YBS 20 ပေါ်တွင် အမျိုးသမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းသည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးရမိ

လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သော YBS 20 ပေါ်တွင် အမျိုးသမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းသည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးရမိ
Published 14 January 2018

လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော YBS 20 ပေါ်တွင် အမျိုး သမီးတစ်ဦးအား ဆဲဆိုကြိမ်းမောင်းခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူများမှာ စိုးလင်းထိုက် (၃၂ နှစ်)၊ ကျော်လင်းထက် (၂၁ နှစ်) နှင့် ဝင်းကျော်ကျော် (၄၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို ဇန်နဝါရီ ၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီး (ဃ)ဈေးမှတ်တိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေပြီးတော့ လင်းယုန်စီမံချက်နဲ့ ဘတ်စ်ကားပေါ်မှာ အသွင်ယူလိုက်လာပြီး ဖမ်းဆီးလိုက်တာပါ။ သုံးဦးကို ဖမ်းဆီးရမိပါတယ်။ ဆက်လက်ပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စိုးလင်းထိုက် (၃၂ နှစ်)၊ ကျော်လင်းထက် (၂၁ နှစ်) နှင့် ဝင်းကျော်ကျော် (၄၁ နှစ်) တို့မှာ မြင့်နိုင်၊ ထွန်းထွန်းနှင့် အခြားအမျိုးသားသုံးဦးသည် ကြည့်မြင်တိုင်မြို့နယ် ကျောင်းရှေ့မှတ်တိုင်မှ မြေနီကုန်းဘက်သို့ သွားသည့် YBS 20 ပေါ်၌ လိုက်ပါစီးနင်းလာခဲ့ကြောင်း၊ ယင်းသို့ လိုက်ပါစီးနင်းလာစဉ် ၎င်းတို့က ခရီးသည်အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်နေစဉ် အဆိုပါအမျိုးသမီးက သိရှိသဖြင့် ယာဉ်၏ယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ဓမ္မစေတီလမ်းနှင့် အင်းလျားလမ်းထိပ်မီးပွိုင့်တွင် ၎င်းတို့ထဲမှ နှစ်ဦးမှာ ယာဉ်ပေါ်မှ ဆင်းသွားပြီး ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်အနှိုက်ခံရသည့် အမျိုးသမီးအား ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း သိရသည်။

“ခရီးသည်အမျိုးသမီးက ခါးပိုက်အနှိုက်ခံရတာကို သိလို့ ယာဉ်မောင်းနဲ့ယာဉ်အကူကို ပြောတာပါ။ ခါးပိုက်နှိုက်ခံရတယ်ဆိုပေမဲ့ ဘာပစ္စည်းမှ ပါသွားခြင်း မရှိပါဘူး။ ကျန်တဲ့လူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆဲဆိုကြိမ်းမောင်းသည့်ကိစ္စ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့ကြောင်း၊ ထို့နောက် အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ ဖြစ်ပွားသည့် YBS 20 ပေါ်မှ စီစီတီဗွီမှတ်တမ်းများကို ပြန်လည်ကြည့်ရှုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် စိုးလင်းထိုက်မှာ သာကေတမြို့နယ်အတွင်း ဓားကိုင်ဆောင် သောင်းကျန်းသဖြင့် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်က ကျောက်တန်း-တာမွေသို့ ပြေးဆွဲသည့်ယာဉ်လိုင်းများကို အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ခြိမ်းခြောက်ငွေတောင်းသဖြင့် ထောင်တစ်နှစ်ကျခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျုးလွန်သူများအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent