<

တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုတွင် ကမ္ဘောဇဘိလပ်မြေစက်ရုံ၊ ပင်းပက်သံမဏိစက်ရုံနှင့် ငွေကမ္ဘာခနောက်စိမ်းစက်ရုံ စသော စက်ရုံသုံးရုံကြောင့် ဒေသခံတစ်သောင်းကျော် ထိခိုက်နစ်နာမှုများစွာ ရှိနေကြောင်း သတင်းစာရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုတွင် တည်ဆောက်ထားသော စက်ရုံကြီး သုံးရုံကြောင့် ပြည်သူလူထု တစ်သောင်းကျော် ထိခိုက်နစ်နာမှုများစွာ ရှိနေသည်ဟု “ချယ်ရီမြေမှ အမေ့ လျော့ခံဘ၀များ” သုတေသနစာတမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကောင်ရွေလူမှု တရားမျှတမှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့က ပြုစုထားသော “ချယ်ရီမြေမှ အမေ့လျော့ခံ ဘ၀များ” သုတေသန စာတမ်း၏ သတင်းစာရှင်းလင်းပွဲကို တောင်ကြီးမြို့ Royal Star Hotel တွင် ဇန်န၀ါရီ ၁၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နစ်နာခဲ့သူ ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားချက်အရ တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၃ ရွာမှ လူဦးရေ ၃၄၆၇ ဦးခန့်ရှိပြီး အဆိုပါ ဒေသအတွင်းရှိ စက်ရုံကြီး သုံးရုံဖြစ်သော (၁) ပင်းပက်သံမဏိစက်ရုံနှင့် ပင်းပက်သံရိုင်း သတ္တုတူးဖော်ရေး၊ (၂) ကမ္ဘောဇဘိလပ်မြေစက်ရုံ၊ (၃) ငွေကမ္ဘာ ခနောက်စိမ်းစက်ရုံ စသော စက်ရုံကြီးသုံးရုံကြောင့် ဒေသတွင်း ထိခိုက်နစ်နာမှုများစွာ ရှိနေရကြောင်း အသေးစိတ် စာရင်းများနှင့်တကွ ဖော်ပြရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ကောင်ရွေအဖွဲ့က သုတေသနပြုစုထားသော အချက်များမှာ နမ့်ဆီးကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၁၃ ရွာကိုသာ လေ့လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ စက်ရုံကြီး သုံးရုံကြောင့် အမှန်တကယ် ထိခိုက်နစ်နာမှုများမှ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး လူဦးရေ တစ်သောင်းကျော်သည် အဆိုပါ ဘေးဒုက္ခများကို ခံစားနေရခြင်းဖြစ်ကြောင်း ဦးဆောင်ရှင်းလင်းသူ ကောင်ရွေအဖွဲ့မှ ဒါရိုက်တာ ဦးခွန်မျိုးက ပြောကြားသည်။

စက်ရုံကြီး သုံးရုံဖြစ်သော (၁) ပင်းပက် သံမဏိစက်ရုံနှင့် ပင်းပက်သံရိုင်း သတ္တုတူးဖော်ရေးကို ၂၀၀၅ ခုနှစ်တွင် စတင်ပြီး အသုံးပြုမြေ ဧရိယာမှာ ၅၁၄၄ ဒသမ ၉၆ ဧကဖြစ်ပြီး နစ်နာကြေး တစ်ဧကကို ကျပ်ငါးထောင်ပေး ခဲ့သော်လည်း တောင်သူများမှ သဘောမတူသဖြင့် မယူခဲ့ကြောင်း၊ (၂) ကမ္ဘောဇဘိလပ်မြေ စက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုမြေဧရိယာ ၇၂၈ ဒသမ ၃၁ ဧက ရှိကာ နစ်နာကြေး တစ်ဧကလျှင် ကျပ်တစ်သိန်း ပေးခဲ့ကြောင်း၊ (၃) ငွေကမ္ဘာခနောက် စိမ်းစက်ရုံကို၂၀၁၂ ခုနှစ်တွင် စတင်ခြင်းဖြစ်ပြီး အသုံးပြုမြေ ဧက ၅၀ ကို ဒေသခံများထံမှ ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ထိုစက်ရုံကြီး သုံးရုံတွင် (၁) အမှတ်-၂ ပင်းပက်သံမဏိစက်ရုံကြီးသည် လုပ်ငန်းမလည်ပတ် သေးသော်လည်း သဘာဝ ပတ်ဝန်းကျင်များအပေါ် သက်ရောက်မှုများဖြစ်သော သစ်တောပြုန်းတီးခြင်း၊ တောတောင်ပျက်စီးခြင်း၊ စားကျက်မြေများ ရှားပါးခြင်း၊ ရွာ၏သင်္ချိုင်းမြေကို သိမ်းဆည်းခံရသဖြင့် ရွာတွင် ဒုက္ခရောက်ရခြင်း၊ တောနေသတ္တ၀ါများ မျိုးသုဉ်းသွားခြင်း၊ ရေဝေရေလဲ ဧရိယာ ပျက်စီးသွားခြင်း၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ အနေဖြင့် စက်ရုံမှ စွန့်ပစ်ပစ္စည်းနှင့် အနံ့များနံခြင်း၊ စီးပွားရေး အကျိုးသက်ရောက်မှု အနေဖြင့် မြေယာသိမ်းဆည်းမှု ခံရခြင်းကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြခြင်း၊ ကြုံရာကျပန်းလုပ်ခြင်းနှင့် စိတ်ထိခိုက်သည့် ဝေဒနာများ ခံစားရကြောင်း သိရသည်။

(၂) ကမ္ဘောဇဘိလပ်မြေ စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှာ ကုန်ကားများကြောင့် ဖုန်ထူထခြင်း၊ စိုက်ပျိုးမြေပေါ်ကျသဖြင့် သီးနှံပျက်စီးခြင်း၊ ကျန်းမာရေးအနေဖြင့် စက်ရုံအသံကြောင့် ညအိပ်မရခြင်း၊ ဖုန်မှုန့်နှင့် မီးခိုးများကြောင့် ရောဂါဖြစ်ခြင်း၊ လူမှုရေးအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခြင်း၊ နောင်ချိုရွာ၏ သင်္ချိုင်းကို တိုင်ဖြင့် စိုက်ထူထားခြင်းတို့ ခံစားနေရကြောင်း ဒေသခံများက ပြောကြားသည်။

(၃) ခနောက်စိမ်းသန့်စင် စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမှာ စက်ရုံမှထွက်သည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းခြင်း၊ စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းခြင်း၊ ကျန်းမာရေး အနေဖြင့် စက်ရုံ၏အသံနှင့် မီးခိုးများကြောင့် ခေါင်းမူးခြင်း၊ အော့အန်ခြင်းနှင့် ရင်တုန်ခြင်း စသည့်ဝေဒနာများ ခံစားနေရကြောင်း ဒေသခံများက ပြောကြားသည်။

“ဒါကတော့ သုတေသနပြုလုပ်တဲ့ နေရာဒေသကတော့ ဒီကျေးရွာအုပ်စုရဲ့ လူဦးရေ လောက်ပဲရှိတယ်။ တကယ်တမ်း နောက်ဆက်တွဲ ထိခိုက်တာကတော့ အများကြီးပေါ့။ ဟိုပုံးလည်းပါတယ်။ နမ့်တဘတ်ချောင်း တစ်လျှောက်မှာ နေထိုင်တဲ့သူတွေကလည်း အများကြီးပေါ့။ အနည်းဆုံးတော့ လူဦးရေ တစ်သောင်းလောက် ခံစားနေရတယ်လို့ တွက်လို့ရတယ်” ဟု ဦးဆောင်ရှင်းလင်းသူ ကောင်ရွေအဖွဲ့မှ ဒါရိုက်တာ ဦးခွန်မျိုးက ပြောကြားသည်။

ကောင်ရွေအဖွဲ့၏ သုတေသနစာတမ်း နောက်ဆုံးပိုဒ်တွင် အစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အကြံပြုချက်တွင် (၁) စက်ရုံအကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ (၂) ဥပဒေလိုက်နာမှု ရှိမရှိ ပြန်လည်စိစစ်၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်၊ (၃) အသုံးမပြုသည့် မြေယာများကို ပြန်လည်အပ်နှံရန်၊ (၄) ပင်းပက်ဒေသရှိ ကျေးရွာများသည် မြေယာများ သိမ်းဆည်းခြင်းကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး စိုးရိမ်ရသည့် အခြေအနေတို့ကို အစိုးရအနေဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (၅) လူထု၏ ရေရှည်အကျိုးစီးပွားကို ရှေးရှု၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေသည့် စီမံကိန်းများကို စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် စသည်ဖြင့် ဖော်ပြပါရှိသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများ အပေါ်လည်း အကြံပြုချက်များ ရေးသားဖော်ပြထားပြီး အလေးထား ဆောင်ရွက်ပေးရန် မျှော်လင့်ပါကြောင်း ဖော်ပြပါရှိသည်။