၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ PPST အရေးပေါ်အစည်းအဝေး ထုတ်ပြန်

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ PPST အရေးပေါ်အစည်းအဝေး ထုတ်ပြန်
Published 13 January 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အရေး ပေါ်အစည်းအဝေးအပြီး ဇန်နဝါရီ ၁၂ ရက် တွင် ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက် မှ ၁၂ ရက်အထိပြုလုပ်ခဲ့ခြင်းဖြစ်သည်။

PPST အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အောင်အောင်မြင်မြင်ဖြစ်ရန် အချို့ကိစ္စရပ်များ ဆွေးနွေးရန်ဖြစ်ကြောင်း၊ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အောင်အောင်မြင်မြင် ကျင်းပနိုင်ရန်အတွက် ကြား ကာလအတွင်း ညီလာခံတစ်ခုနှင့်တစ်ခုအကြား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအပေါ် ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် အဓိကဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် အခက်အခဲအချို့ရှိသည့်အပေါ် ပြန်လည်ဆွေးနွေးရာ အဆိုပါကိစ္စရပ်များအား အစိုးရနှင့်ဆက်လက်ညှိနှိုင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင်  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆုံးဖြတ်ချက်ထဲမှာ ပြတ်ပြတ်သားသားရှိတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဆက်လက်ကျင်းပဖို့ အတွက် ကျွန်တော်တို့ ဆောင်ရွက်မယ်။ သို့သော်လည်းပဲ ခုနကတင်ပြသလို ဒီကြားထဲမှာ ဆောင်ရွက်ရမယ့်အစည်းအဝေးတွေ၊       လုပ်ဆောင်ရမယ့်ကိစ္စတွေအကုန်လုံးပြီးမှ ကျင်းပနိုင်မှာဖြစ်တယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရှမ်းပြည်နယ်မှာ လုပ်လို့ မရရင်၊ ရခိုင်မှာလည်း လူထုတွေ့ဆုံဆွေးနွေးပွဲ လုပ်လို့မရဘူးဆိုရင် ဒါက ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ဖို့ အခက်အခဲရှိသွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်ရွှေ့မယ်ဆိုတာက ခုနက ကျွန်တော်တို့ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆောင်ရွက်ပြီးမှသာ လုပ်ရမယ့် အနေအထားရှိတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေ မြန်မြန်ဆောင် ရွက်ပြီးလေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အောင်အောင်မြင်မြင်ကျင်းပနိုင်တဲ့ အနေအထားရှိတဲ့အပေါ်မှာ မြန်မြန်ပြီးလေ မြန်မြန်လုပ်လို့ရလေ” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျင်းပခွင့်ရှိသော်လည်း NCA ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့် မရရှိသေးပေ။

ထို့ပြင် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိသဖြင့် အကြိုဆွေးနွေးပွဲများပြုလုပ်ချိန်၌ အခက်အခဲများဖြစ်ပေါ်ခဲ့သောကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက်အား ယာယီရွှေ့ဆိုင်းထားသည်။

PPST ၏ အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်လည်း NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ်ပိတ် ပင်ခံရခြင်းများရှိနေသည့်အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ပထမအကြိမ်ကလည်း အစုအဖွဲ့အကုန်လုံး မလုပ်ရဘူး။ ဒုတိယအကြိမ်ကလည်း ကျွန်တော်တို့ကျန်တဲ့အဖွဲ့အစည်းတွေ မလုပ်ရဘူးဆိုရင် ဒီအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲက စုံညီလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တောင်မှ မူဝါဒ သဘောတူအဆိုပြုမှု တွေကို မတင်ပြနိုင်ဘူးဆိုရင် ဒီလာမယ့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက အောင်မြင်တဲ့ညီလာခံဖြစ်နိုင်တဲ့ အနေအထားမရှိတဲ့အတွက် ဒါကိုကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ညှိနှိုင်းဖို့ ကျွန်တော်တို့ သဘောတူထားတာပါ”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန် ဆွေးနွေးဘက်များနှင့် လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PPST ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိအခြေအနေတွင် NCA ကို အကောင်အထည်ဖော်ရာ၌ အခက်အခဲများရှိနေခြင်းကြောင့် NCA စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အခြေခံနားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent