ရဲတပ်ဖွဲ့က ကြည်လင်းထံမှ သိမ်းဆည်းရမိသည့် သေနတ်နှစ်လက်တွင် ၎င်း၏လက်ဗွေရာ တွေ့ရှိသလားဟု အောင်ဝင်းဇော်က သက်သေထွက်ဆိုသည့် ရဲအရာရှိအား မေးမြန်း

ရဲတပ်ဖွဲ့က ကြည်လင်းထံမှ သိမ်းဆည်းရမိသည့် သေနတ်နှစ်လက်တွင် ၎င်း၏လက်ဗွေရာ တွေ့ရှိသလားဟု အောင်ဝင်းဇော်က သက်သေထွက်ဆိုသည့် ရဲအရာရှိအား မေးမြန်း
Published 13 January 2018

ဦးကိုနီလုပ်ကြံမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများအား ရုံးထုတ်လာသည်ကို တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူ အောင်ဝင်းဇော်က ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းထံမှ သိမ်းဆည်းရမိသော သေနတ်နှစ်လက်တွင် ၎င်း၏လက်ဗွေရာကို တွေ့ရှိပါသလားဟု အောင်ဝင်းဇော်က သက်သေလာရောက် ထွက်ဆိုသည့် ရဲအရာရှိကို ဇန်နဝါရီ ၁၂ ရက် ရုံးချိန်းတွင် တရားခွင်၌ မေးမြန်းခဲ့သည်။

ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် တရားစွဲဆိုထားသော အမှုနှင့် ပတ်သက်၍ စစ်ဆေးစဉ် အောင်ဝင်းဇော်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး သက်သေလာရောက် ထွက်ဆိုသည့် ရဲအရာရှိက အဆိုပါ လက်နက်မှုကို အခြားရဲအရာရှိက စစ်ဆေးသဖြင့် ၎င်းမသိပါဟု ဖြေကြားခဲ့သည်။ ထို့ပြင် အမှုနှင့်ပတ်သက်၍ အောင်ဝင်းဇော်ကလည်း ၎င်းမေးလိုသည့် မေးခွန်းအချို့ကို ရဲအရာရှိအား မေးမြန်းခဲ့သည်။

ထို့ပြင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို စွဲဆိုထားသည့် ၄၅/၂၀၁၇ အမှုတွဲနှင့် ပတ်သက်၍ စစ်ဆေးရန် ကျန်ရှိသည့် တရားလိုပြ ကိုးဦးအနက် သက်သေအမှတ် ၅၄ ဦးညွန့်ထွန်း၊ ၅၅ ဦးမြင့်ဝင်း၊ ၅၆ ဦးမြင့်ကျော်ဦးနဲ့ ၆၆ ဦး ရဲဟိန်းစသည့် သက်သေလေးဦးအား ပယ်ခဲ့သဖြင့် ဆက်လက် စစ်ဆေးရန် ငါးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ယင်းနေ့ အမှုစစ်ဆေးပြီးချိန်၌ ဇေယျာဖြိုး၏ ဇနီးထံမှ စာရွက်စာတမ်းအချို့အား အမှုကို လုံခြုံရေး ရယူပေးနေသည့် ရဲအရာရှိက လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ အချင်းများမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တရားလိုဘက်မှ ရှေ့နေများက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

“ဒီတရားရုံးက စစ်ဆေးတဲ့အမှုနဲ့ မဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ကတော့ တရားရုံးရှေ့မှာ ကာယကံရှင် တွေကလည်း လက်မှတ်ရေးထိုးခွင့် မရှိသလို လက်မှတ်ရေးထိုးတဲ့ဟာကိုလည်း အချုပ်သားတွေကို ကြီးကြပ်တဲ့ ရဲအရာရှိကလည်း အတည်ပြုလို့ မရဘူး။ ဒီအမှုနဲ့မဆိုင်တဲ့ စာရွက်စာတမ်းတွေကို တရားရုံးရှေ့မှာ လက်မှတ်ရေးထိုးခွင့် မရှိဘူး။ လက်မှတ်ရေးထိုးချင်တယ်ဆိုရင် သက်ဆိုင်ရာထောင်ကို သွားပြီးတော့ ထောင်မှူးရှေ့မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခြုံကြည့်မယ်ဆိုရင် အမှုနဲ့မဆိုင်တဲ့ စာရွက်စာတမ်းကို လက်မှတ်ရေးထိုးလို့ ဒီပြဿနာက ပေါ်တာပဲ။ တရားရုံးကို တင်မယ့်စာရွက် စာတမ်းကို လက်မှတ်ရေးထိုးမယ်ဆိုရင် ဒီပြဿနာက ပေါ်စရာအကြောင်း မရှိဘူး။ ရဲအရာရှိကို ကျွန်တော်မေးတယ်။ ဘာစာရွက်ကို လက်မှတ်ထိုးတာလဲမေးတယ် မဖြေဘူး။ သူကတရားသူကြီး အခန်းထဲကို ဝင်သွားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ လိုက်သွားပြီး ထပ်မေးတယ်။ မဖြေဘူး” ဟု တရားလိုဘက်မှ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

ထိုနေ့တွင် တစ်နှစ်နီးပါးကြာသည့်တိုင်အောင် စစ်ဆေးခဲ့သည့် မြောက်ပိုင်းခရိုင် တရားသူကြီး၊ ဒုတိယခရိုင် တရားသူကြီးနှင့် အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားသူကြီးတစ်ဦး စုစုပေါင်း သုံးဦးတို့အနက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး တစ်ဦးဖြစ်သည့် ဦးဇော်ထူးမှာ ရာထူးတိုးဖြင့် ကယားပြည်နယ်သို့ ပြောင်းရွှေ့သွားရသဖြင့် အဆိုပါ တရားသူကြီး၏ နေရာအား မုံရွာမှ တရားသူကြီးတစ်ဦးက ဇန်နဝါရီ ၁၂ ရက်မှစတင်၍အစား ဝင်ရုံးထိုင် စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားစွဲခံထားရသူ ငါးဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားခံပြေးအဖြစ် ကြေညာထားသည်။

 

Most Read

Most Recent