<

ရခိုင်ပြည်နယ်ကိစ္စ လုပ်ကိုင်ရသည်မှာ လွန်စွာကျယ်ပြန့်ကြောင်းနှင့် နိုင်ငံရေးကိစ္စကြည့်သည့်အခါတွင် ရခိုင်တစ်ခုတည်းကို ကွက်ပြီးကြည့်၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရခိုင်ပြည်နယ်ကိစ္စလုပ်ကိုင်ရသည်မှာ လွန်စွာကျယ်ပြန့်ကြောင်းနှင့် နိုင်ငံရေးကိစ္စ ကြည့်သည့်အခါတွင် ရခိုင်တစ်ခုတည်းကို ကွက်ပြီးကြည့်၍မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားသည်။

ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရာ အဆိုပါမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရခိုင်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ကနေပြီးတော့ အင်မတန်မှ အလေးထားပြီးတော့ စိတ်ဝင်စားနေတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ကျွန်မတို့လုပ်ရတာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးကိစ္စကို ကြည့်တဲ့အခါကျရင်လည်း ရခိုင်တစ်ခုတည်းကို ကျွန်မတို့ ကွက်ပြီးကြည့်လို့ မရပါဘူး။ ရခိုင်ပြည်နယ်ဆိုတာ ကျွန်မတို့အိမ်ထောင်စုရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ကျွန်မတို့အခု ပစ္စုပ္ပန်မှာဖြစ်နေတဲ့ ပြဿနာတွေတင်မကဘဲနဲ့ ရေရှည်သွားနိုင်ဖို့အတွက် မျက်ခြည်ပြတ်လို့ မဖြစ်ပါဘူး။ ကျွန်မတို့အတွက် အဓိကအရေးကြီးတာက ရေရှည်မှာရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ကျွန်မတို့ပြည် သူပြည်သားတွေရဲ့အားလုံးကြားထဲမှာ သင့် မြတ်ဖို့ရှိဖို့၊ ခင်မင်မှုရှိဖို့ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုရှိဖို့ပါပဲ။ အဲဒါကို ကျွန်မတို့အလေးထားပြီး လုပ်ရပါမယ်။ ဝေဖန်မှုတွေ ကတော့ရှိမှာပဲ။ ဝေဖန်နေတာဆိုရင် အပြုသဘောဆောင်တဲ့ ဝေဖန်မှုလည်း ရှိတယ်။အပြုသဘောမဆောင်တဲ့ ဝေဖန်မှုလည်း ရှိတယ်။ ဒါတွေကို ကျွန်မတို့သေသေချာချာ လေ့လာပြီးတော့ ဘယ်လို ကျွန်မတို့အနေနဲ့ လုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးရဲ့ ဆုံးဖြတ်ချက်တွေရဲ့ အဓိက ရလဒ်ကိုခံစားရမှာကတော့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်းဒင်ရွာကိစ္စမှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့လို့ တပ်မတော်ကနေ ပြန်လည်စိစစ်ပြီး တော့ အရေးယူသင့်တာကိုအရေးယူမယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် ခြေလှမ်းအသစ် တစ်ခုကို ရှေ့လှမ်းပါလို့ ကျွန်မကတော့ ဒီလိုပဲ မြင်ပါတယ်။ နောက်ဆုံးကျတော့ နိုင်ငံတစ် နိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာပါ။ ကိုယ့်ဘာသာတာဝန်ယူတဲ့ နေရာမှာ တာဝန်ယူတဲ့လမ်းကြောင်းပေါ်မှာ စပြီးလှမ်းတယ်ဆိုတာက ကျွန်မတို့အပေါင်းလက္ခဏာ ဖြစ်ပါတယ်။ ဒါက ကြောက်သွားမလားဆိုတော့ ကြောက်တဲ့သူတွေကလည်း ကြောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ အခုဖြစ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အရင်တုန်းကဖြစ်တဲ့ ကိစ္စကို ပြန်ပြီးတော့ စုံစမ်းတာပါပဲ။ ဒီလိုစုံစမ်းခြင်းအားဖြင့် ကိုယ်က နောင်ဒီလိုကိစ္စမဖြစ်အောင်လို့ အဟန့်အတားတစ်ခုအနေနဲ့ ဖြစ်လာမယ်လို့မြင်ပါတယ်။ ဒုက္ခသည်တွေကိုပြန်လည် လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ကတော့ ပြင်ဆင်သင့်တဲ့ ကိစ္စတွေကိုပြင်ဆင်နေပြီဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီမည့် ကိစ္စများ၊ ရန်ကုန်-မန္တလေး မီးရထားလမ်းကိစ္စများ၊ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့်သူများ ပြန် လည်ဝင်ရောက်လာပါက ကူညီပေးနိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ ၀န်ကြီးနဲ့တွေ့တဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ရရှိရေးတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတာကိုလည်း အများကြီးဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ နိုင်ငံနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန် နဲ့ပြီး မြောက်စေဖို့ ပိုပြီးတော့လည်း တိုးတက်စေဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထိုသို့သွားရောက်ရာတွင်လည်း ခရီးစဉ်အဆင်ပြေချောမွေ့စေရန်အတွက် စီစဉ်ထားကြောင်း၊ ရခိုင်ပြည်နယ်ကိုသွားမည့် ခရီးစဉ်သည် ပြေပြစ်ချောမွေ့မည်ဟု မျှော်လင့်ထားကြောင်း၊ တတ်နိုင်သမျှ သေချာ စီစဉ်ပံ့ပိုးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က နေပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတိုးချဲ့တယ်။ အခုအချိန်မှာ ဒုက္ခသည်တွေကို ပြန်လာရင် ပြန်လည် နေရာချထားနိုင်ဖို့ ကူညီထောက်ပံ့မှုအနေနဲ့ နိုင်ငံတော်အစိုးရကို ပြန်လာတဲ့ ဒုက္ခသည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဒေါ် လာသုံးသန်းတန်ဖိုးရှိတဲ့ပစ္စည်းတွေကို ပေးအပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့ အစည်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့လူသားချင်းစာနာထောက်မှုဆိုင်ရာ အခြေကိုကောင်းမွန်စေဖို့အတွက် အမျိုးသမီးတွေ ရဲ့ကိုယ့်ခြေထောက်အပေါ်ရပ်တည်နိုင်ဖို့ တိုက်တွန်းဖို့ရည်ရွယ်ထားတဲ့ အသက်မွေးဝမ်းကျောင်း အပါအ၀င် ဒေါ်လာသန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဒါက ဂျပန်လွှတ်တော်ရဲ့ သဘောတူညီချက်ကိုရမှ တရားဝင်ပြောနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်ကို တတ်နိုင်သလောက် ကူညီထောက်ပံ့သွားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ကိုလည်း တန်ဖိုးကြီးစက်တွေနဲ့ပိုပြီးတော့ ခိုင်မာစေဖို့ ဆက်လက်ပြီး ပူးပေါင်းဆောင် ရက်ဖို့အတည်ပြုခဲ့ပါတယ်။ ဒီနှစ်ဂျပန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ မဲခေါင်မြန်မာ ထိပ်သီးအစည်းအဝေးကိုကူညီနိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံကို အလည်အပတ် လာရောက်နိုင်ရန် ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုက ရခိုင်ပြည်နယ်တွင်နေထိုင်သည့်သူများ အားလုံးနှင့်သက်ဆိုင်ပြီး ပြဿနာများ၏ အရင်းအမြစ်ကို ဖြေရှင်းရန် လွန်စွာအရေးကြီးသည်ဟု ယူဆကြောင်း၊ မစ္စတာကိုဖီအာနန်ကော်မရှင်၏ အကြံပေးချက်အရ ပညာရေး၊ကျန်းမာရေး ကဏ္ဍအပါအ၀င် ဒေသခံများ၏နေထိုင်မှု ဘ၀အဆင့်မြှင့်တင်ရန် ဆောင်ရွက်ရန် ဦးစားပေးပြီး လုပ်သင့်သည်ဟု ထင်မြင်ကြောင်း၊ ဂျပန်နိုင်ငံက အရေးပေါ်ကူညီထောက်ပံ့မှု သာမကဘဲ ကာလရှည်အတွက်နေထိုင်မှု ဘ၀ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း၊ ရခိုင် ပြည်နယ်ထဲတွင် ကားလမ်းများခင်းရန်၊ မီးဖြန့် ဖြူးရေးတည်ဆောက်ရန် အပါအ၀င် လုပ်ငန်းစဉ်များလုပ်ရန် ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
၂၀၂၁ ခုနှစ်တွင် ရန်ကုန်-မန္တလေး အကြား ရထားလမ်းတွင် ရထားတွဲအသစ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် တွင် ရန်ကုန်-မန္တလေးအကြား ခရီးစဉ်ကြာချိန်ကို အမြန်ဆုံးရှစ်နာရီခန့်ဖြင့် သွားလာနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ပြည်သူပြည်သားများ သွားလာရေးအပြင် ကုန်သွယ်ရေးတွင်ပါ ချောမွေ့လာစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။














Copy Protected by Chetan's WP-Copyprotect.