<

မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသတွင် သဘာဝဓာတ်ငွေ့များ အလိုအလျောက်ထွက်ရှိနေ

မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ဇနပုဒ်ကျေးရွာအနီး တောင်တွင်းချောင်းဘေး အနီးတွင် သဘာဝဓာတ်ငွေ့များ အလိုအလျောက် ထွက်ရှိသည်ဟု ဒေသခံများ ပြောကြားချက်အရ သိရသည် ။

“သဘာဝဓာတ်ငွေ့တွေ ထွက်တယ်ဆိုတာက ၀ံဝအတိုင်း တောင်တွင်းချောင်းကို ဆန်တက်သွားတယ်ဆိုရင် ဇနပုဒ်ရွာနားလေးမှာ သိပ်မဝေးဘူး။ အရင်က ချောင်းထဲမှာ ထွက်တာ အခုတော့ ရွာသားတွေက တောထဲမှာ မီးမွှေးရအောင် လွယ်အောင်လို့ ကုန်းပေါ်မှာ မှန်းဖောက်ထောက်တာ။ ရွာသားတွေကတော့ သဘာဝဓာတ်ငွေ့ ထွက်တဲ့နေရာ ကုန်းပေါ်ကို မှန်းဖောက်ထားပြီး ထမင်းဟင်းချက်တာတို့ ရေနွေးတည်တာတို့ လုပ်တာပေါ့ ။ တောင်တွင်း ချောင်းထဲမှာတော့ တောက်လျှောက်ထွက်နေတာပဲ။ ဇနပုဒ်ရွာနဲ့ဆိုရင် ပေ ၄၀၀၊ ၅၀၀ ၀န်းကျင်လောက်ပဲဝေးမှာ၊ ရွာနဲ့ကပ်နေတာ။ ရွာရဲ့ အနောက်ဘက်မှာ တောတွေရှိတယ်လေ။ တောင်တွင်းချောင်ဒေသ ပျားရွာ၊ ဇနပုဒ်ရွာတို့ဆိုတာ ၀ံဝဆိုတဲ့ ရွာကတစ်ဆင့်လာရတာ။ မုံရွာယာကြီးလမ်း ဘေးကျော် ရွာအနီးမှာ ၀ံဝရွာကိုသွားတဲ့ လမ်းခွဲရှိပါတယ်။ အဲဒီကတစ်ဆင့် သွားရတာ ပါ။ ဒီလို သဘာဝဓာတ်ငွေ့တွေ ထွက်နေတာ ကြာပါပြီ။ ၁၉၆၆၊ ၁၉၆၇ လောက်တုန်းကတည်းက ချောင်းထဲမှာ ထွက်နေတာ ကြာလှပါ ပီ။ ဒီလိုထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို လာရောက်လေ့လာ စမ်းသပ်တာကိုတော့ မတွေ့ဘူးဖူး။ ပျားရွာတို့၊ ဇနပုဒ်ရွာကတော့ သွားရလာရ ခက်တယ်လေ။ အရင်တုန်းကတော့ အဲဒီဘက်မှာ ရေနံစိမ်း တူးတာရှိတယ်။ ဒေသခံ တစ်ပိုင်တစ်နိုင် လောက်ပါပဲ။ အခုတော့ သဘာဝဓာတ်ငွေ့ကို ကုန်းပေါ်မှာ မှန်းဖောက်ပြီး တောထဲရေနွေးတို့ ထမင်းအိုး ဟင်းအိုးတို့ တည်လိုက်တာပဲ။ မီးပြန်သတ်ချင်ရင်တော့ သဲနဲ့ပြန်ဖို့ လိုက်တာ။ သူတို့ကတော့ လက်နဲ့ပဲတူးပြီး ဖောက်လိုက်တာပါ။ ဇနပုဒ်ရွာရဲ့ အခင်းထဲမှာပါ” ဟု သဘာဝဓာတ်ငွေ့ ထွက်ရှိနေမှုကို ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါဒေသနှင့် တစ်ဆက်တည်းဖြစ်သော ကလေးမြို့နယ်အတွင်းရှိ တောင်တန်းများတွင် လွန်ခဲ့သည့် နှစ်၂၀ ၀န်းကျင်မှစ၍ ရေနံစိမ်းများ အမြောက်အမြား ထွက်ရှိခဲ့ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်ကြကာ ယခုအခါတွင် ရေနံထွက်ရှိမှု နည်းပါးလာမှုကြောင့် လုပ်ကိုင်သူ မရှိသလောက် နည်းပါးလာခဲ့သည်ဟု သိရသည်။

“ဒီလို ဖြစ်စဉ်တွေက ဘူမိသဘောအရ မြန်မာနိုင်ငံမှာ တခြားနယ်တွေနဲ့ ကလေးနယ်နဲ့ တောင်တွင်းချောင်ဒေသ ကြားမှာရှိတဲ့ တောင်ကြောတွေပေါ်မှာ ရေနံနဲ့ ဓာတ်ငွေ့သိုက် သေးသေးလေးတွေ ရှိပါတယ်။ ဒါကို အစိုးရကနေသော် လည်းကောင်း၊ တကယ်လုပ်နိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတစ်ခုခုကသော် လည်းကောင်း စမ်းသပ်မှုတွေ သုတေသနပြုမှုတွေလုပ်မယ် ဆိုရင်တော့ လက်ခံပါတယ်။ ဒါမှမဟုတ်ဘဲ လူတွေအများကြီးလာပြီး ဘာမှမဟုတ်ဘဲ တူးကြဆွကြနဲ့ဆိုရင် ဒီဒေသလေးရဲ့ သဘောဝပတ်ဝန်းကျင် တောတောင်တွေ ပျက်စီးသွားမှာ စိုးရိမ်တယ်” ဟု မင်းကင်းမြို့နယ် သူရိယစန္ဒာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးကျော်မင်းထွဋ်က ပြောကြားသည်။

 

January 12, 2018














Copy Protected by Chetan's WP-Copyprotect.