မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးနံဘေးတွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ရောင်းချနေသည့် ပန်းဈေးအား မန္တလေး စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့ပြီး ပန်းဈေးအသစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်

မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးနံဘေးတွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ရောင်းချနေသည့် ပန်းဈေးအား မန္တလေး စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့ပြီး ပန်းဈေးအသစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်
Published 13 January 2018

မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးနံဘေးတွင် နှစ်ပေါင်း ၁၀ နှစ်ကျော် ရောင်းချနေသည့် ပန်းဈေးအား ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်

မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးပေါ်တွင် ပျံကျသဘောမျိုး ရောင်းချနေသည့် ပန်းဈေးအား ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်သည့်အတွက် အန္တရာယ်ကင်းရှင်းစေရန် မန္တလေးစည်ပင်သာရေး ကော်မတီက ပြောင်းရွှေ့ပြီး ပန်းဈေးအသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိမန္တလေး ဈေးကွက်သို့ တင်ပို့နေသည့် ပန်းဈေးတန်းမှာ မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးနံဘေး  မန္တလေးမြို့နှင့် ရှစ်မိုင်အကွာ ပုသိမ်ကြီးမြို့နယ် သလဲကုန်းရွာထိပ်တွင် ဖြစ်သလို ပျံကျသဘောမျိုး ရောင်းချနေသည့်အတွက် ကားလမ်းပေါ်ရှိ ယာဉ်မောင်းများရော လမ်းပေါ်သွားလာ နေသူများရော ပန်းရောင်းဝယ်နေသူများပါ ယာဉ်အန္တရာယ်ရှိတဲ့အတွက်ကြောင့် သလဲကုန်းပန်းဈေးနေရာနဲ့ မလှမ်းမကမ်းရှိ သန့်ဇင်ကုန်းရွာတွင် မြို့တော်စည်ပင် ဘတ်ဂျက်ဖြင့် ပန်းဈေးအသစ်ကို တည်ဆောက်ပေးနေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“ပုသိမ်ကြီးမြို့နယ် သန့်ဇင်ကုန်းရွာမှာ ကျွန်တော်တို့ ပန်းဈေးအသစ်လုပ်ဖို့အတွက် အခု မြေညှိပြီး စလုပ်နေတယ်။ ဧကက ၂ ဒသမ ၉ ဧကကျော် ကျယ်ဝန်းတဲ့ မြေကွက်မှာ မြေညှိနေပါတယ်။ ပန်းဈေးက မန္တလေး- ပြင်ဦးလွင် ကားလမ်းနံဘေးမှာ ဖြစ်သလို ပျံကျရောင်းနေကြတယ်။ အဲဒီလိုရောင်းနေတဲ့အတွက် ဘာဖြစ်သလဲဆိုတော့ သူတို့လည်း ဣန္ဒြေမရဘူး။ ယာဉ်အန္တရာယ် နှစ်ဦးနှစ်ဖက် သူတို့ရော ကားမောင်းသူရော လမ်းမပေါ်သွားသူပါ ယာဉ်အန္တရာယ်ရှိတယ်။ အဲဒါကြောင့်မို့လို့ သူတို့အခြေတကျ ရောင်းလို့  ဝယ်လို့ ရအောင်ဆိုပြီး သူတို့ လက်ရှိရောင်းနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပဲ မြေကွက်တစ်ကွက်ပေါ့။ အရင်တုန်းက လယ်မြေပါ။ လယ်မြေကိုပြုပြင်ပြီး ပန်းဈေးအဖြစ် စည်ပင်ဘတ်ဂျက်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အခု လက်ရှိက မြေပြုပြင်တဲ့အဆင့်ပဲ ရှိသေးတယ်။ အဆောက်အအုံဆောက်ဖို့ မလျာထားရသေးဘူး။ ဒီဘတ်ဂျက်ထဲမှာ မြေပြုပြင်တဲ့အဆင့်ပဲ ရှိဦးမယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သလဲကုန်းလမ်းနံဘေး ပန်းဈေးတန်းမှာ နေ့စဉ် နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရောင်းသူဝယ်သူများဖြင့် စည်ကားနေပြီး ၁၂ နာရီနောက်ပိုင်းတွင် နယ်ပန်းကုန်သည်များ လာရောက်မှု မရှိတော့သဖြင့် ခရီးသွားကားများကို ရောင်းချသည့်  အထိုင်ဈေးသားများသာ ဆက်လက်ရောင်းချမှုရှိကြောင်း သိရသည်။

အဆိုပါပန်းဈေးကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလ ခြောက်လအတွင်း၌ အပြီးတည်ဆောက်မည်ဖြစ်သည်။ လက်ရှိ ပန်းဈေးတွင် ရောင်းဝယ်နေသည့် ဈေးသည် ၁၆၀ ကျော်ရှိကြောင်း သိရသည်

“သလဲကုန်းဈေးတန်းမှာ ဈေးရောင်းနေတာ စပြီးဈေးတည်ကတည်းကပါ။ အခု လောလောဆယ် ဒီနေရာကနေ တခြားနေရာ ပြောင်းရွှေ့မယ်လို့ အစီအစဉ် လုပ်ထားတယ်။ ကျွန်တော်တို့အတွက် မဆိုးဘူးပေါ့။ ဒီမှာကျ ဟိုင်းဝေးလမ်းမကြီး နံဘေးမှာဆိုတော့ အန္တရာယ်နည်းနည်း များတယ်ပေါ့။ သူတို့ဧရိယာ ဘယ်လောက်ပေးမလဲ မသိဘူး” ဟု ပန်းဈေးမှ ဈေးသည်ကိုမြင့်ဆောင်က ပြောကြားသည်။

လက်ရှိရောင်းချနေသည့် ပန်းဈေးတန်းတွင် ပုသိမ်ကြီးမြို့နယ် ဘန်းတင်၊ ဘန်ကွဲ၊ အံ့ကြီး၊ သလဲကုန်း၊ သုံးအိမ်တန်း၊ ကုလားကြီးရွာ၊ ကျောက်မီး စသောကျေးရွာပေါင်း ၂၀ ခန့်မှ ပန်းစိုက်ပျိုးတောင်သူများနှင့် ပန်းအရောင်းအဝယ် ပြုလုပ်သူများက လာရောက်ရောင်းချနေပြီး သလဲကုန်း ပန်းဈေးတန်းတွင် တစ်နှစ်ပတ်လုံး ဂန္ဓမာပန်း ပန်းမျိုးစုံကိုသာ စိုက်ပျိုးရောင်းချရာ မန္တလေးပန်းကုန်သည်များ အများဆုံး လာရောက် ဝယ်ယူသည့်အပြင် မုံရွာ၊ ကျောက်ဆည်၊ မိတ္ထီလာမြို့များမှ ကုန်သည်များလည်း လာရောက်ဝယ်ယူကြကြောင်း သိရသည်။

Most Read

Most Recent