ဘင်္ဂါလီများအား ကမန်အဖြစ် စာရင်းပေးသွင်းခြင်း ရပ်တန့်ပေးရေးနှင့် ၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ပေးရန် ရမ်းဗြဲမြို့တွင် ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်

ဘင်္ဂါလီများအား ကမန်အဖြစ် စာရင်းပေးသွင်းခြင်း ရပ်တန့်ပေးရေးနှင့် ၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ပေးရန် ရမ်းဗြဲမြို့တွင် ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 13 January 2018

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်စဉ်

ဘင်္ဂါလီများအား ကမန်အဖြစ် စာရင်းပေးသွင်းခြင်းအား ရပ်တန့်ပေးရေးနှင့် ၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှာရှိတဲ့ ဘင်္ဂါလီတွေက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း စိစစ်ခံမယ်ဆိုပြီး နိုင်ငံတော်အဆင့်ကို စာပို့တယ်။ ဒါပေမဲ့ တကယ့်စိစစ်တဲ့အခါမှာ ဘင်္ဂါလီတွေဟာ ကမန်ဆိုပြီး စာရင်းပေးသွင်းတယ်။ အဲဒါကို လဝကဘက် လက်ခံတယ်။ ဘင်္ဂါလီတွေဟာ ကမန်ဖြစ်သွားစရာ အကြောင်းမရှိဘူးလေ။ မနက်က သူတို့စစ်ဆေးနေတာကို သွားကြည့်တယ်။ အဲဒီမှာ ဘင်္ဂါလီတွေက ကမန်ဆိုပြီး စာရင်းပေးသွင်း လုပ်ဆောင်နေတယ်။ ဒေသခံတွေ လိုချင်တာက ၈၂ နိုင်ငံသား ဥပဒေအတိုင်းလုပ်ပါ၊ ဘာကြောင့် ကမန်ထဲ သွင်းရတာလဲပေါ့။ အဲဒါကို မကျေနပ်တဲ့အတွက် ဒေသခံ ၅၀၀ ခန့်တို့က မြို့ပေါ်တက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ကမန်ရှိတာက ၁၀၀ အောက်ပဲရှိတယ်။ ဒါပေမဲ့ အခုဘင်္ဂါလီ ၁၀၀၀ ကျော်က ကမန်ဆိုပြီး စာရင်းပေးသွင်းတာကို လက်ခံထားတာ တွေ့ရတယ်” ဟုလည်း ပြောကြားသည်။

ရမ်းဗြဲမြို့နယ်အတွင်း ကမန် ၁၀၀ ဝန်းကျင်သာရှိကြောင်းနှင့် လက်ရှိစာရင်းပေးသွင်း လက်ခံထားသည်မှာ ကမန်ဆိုသူဦးရေ ၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ ဘင်္ဂါလီများအား ကမန်ဆိုသည့် လူမျိုးနေရာသို့သွင်းကာ လုပ်ဆောင်နေခြင်းအပေါ် မကျေနပ်သည့်အတွက် ဒေသခံများက ယင်းသို့ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးဖြူလုံးကလည်း “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီတွေဟာ မှတ်ပုံတင်ရရှိဖို့အတွက် လျှို့ဝှက်ကြံစည်နေကြတယ်လို့ သိရတယ်။ ကျောက်နီမော်မှာရှိတဲ့ ဘင်္ဂါလီတွေ ကမန်မဖြစ်စေရေးအတွက် တောင်းဆိုဆန္ဒပြတာ ဖြစ်ပါတယ်။ နောက်ပြီး ၈၂ နိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးရေးတို့အတွက် တောင်းဆိုတာဖြစ်တယ်။ ပြီးတော့ အခုစာရင်း ကောက်ယူနေတဲ့ အဖွဲ့ကလည်း ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲသို့ ရမ်းဗြဲမြို့နယ်အနှံ့ရှိ ကျေးရွာများမှ ဒေသခံများ ပါဝင်ကြောင်းလည်း သိရပြီး ဘင်္ဂါလီအား ကမန်အဖြစ် ပြောင်းလဲရန် ကြိုးစားနေခြင်းအပေါ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent