ဇလုံတောင်နှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တို့၌ ကေဘယ်ကားတပ်ဆင်ရန် ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းဆဲသာ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

ဇလုံတောင်နှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တို့၌ ကေဘယ်ကားတပ်ဆင်ရန် ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းဆဲသာ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
Published 13 January 2018

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော်အား တွေ့ရစဉ်

ဇလုံတောင်နှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တို့၌ ကေဘယ်ကားတပ်ဆင်ရန် ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းဆဲသာဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံမှ သိရသည်။

“အလောင်းတော်ကသပနဲ့ ဇလုံတောင် ကေဘယ်ကားတပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေလာပြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အဆင့် ရှိပါသေးတယ်။ ဆာဗေးတိုင်းဖို့ အနေအထားမှာပဲ ရှိသေးတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ယခုအခါတွင် သွားလာရေး အခက်အခဲရှိသည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်တို့၌ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နည်းပါးစေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ခရီးသွားပြည်သူတို့ သွားလာလွယ်ကူစေရန် ရည်ရွယ်၍ ကေဘယ်ကား တပ်ဆင်ဆောင်ရွက်ရန် ကေဘယ်ကားလုပ်ငန်း ဆောင်ရွက်မည့် Kaung Thit Hein Construction Co.,Ltd  နှင့် Jewel Golden Elephant Construction Co.,Ltd တို့ကို ဖိတ်ခေါ်၍ ဇန်နဝါရီ ၇ ရက်တွင် တိုင်းဒေသကြီးအစိုးရရုံး၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

Jewel Golden Elephant Construction Co.,Ltd ကုမ္ပဏီသည် ကမ္ဘာ့ပထမဆုံး ကေဘယ်ကား ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် ပြင်သစ်နိုင်ငံ POMA ကုမ္ပဏီနှင့်ပူးပေါင်း၍ ကျိုက်ထီးရိုးစေတီတော်တွင် ကေဘယ်ကား တပ်ဆင်တည်ဆောက်ခဲ့သော ကုမ္ပဏီဖြစ်‌ကြောင်‌း သိရသည်။

ကျိုက်ထီးရိုးတောင်တော်တွင် တပ်ဆင်ထားသည့် ကေဘယ်ကားလမ်း အရှည်မိုင်မှာ လေးမိုင်ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၆ သန်းခန့်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီး၌ အဆိုပါ သတ်မှတ်နေရာများတွင် ဆောင်ရွက်မည့် ကေဘယ်ကား တပ်ဆင်မည့်နေရာများမှာ ခရီးမိုင် ပိုရှည်လျားသည့် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပိုများမည်ဟု ခန့်မှန်းသိရသည်။

 

Most Read

Most Recent