ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ် စိုက်ပျိုးခဲ့သော ရန်ကုန်-ပြည် ကားလမ်းနံဘေးရှိ မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းစိုက်ခင်းအတွင်း သဘာဝအတိုင်း လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်မည်

ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ် စိုက်ပျိုးခဲ့သော ရန်ကုန်-ပြည် ကားလမ်းနံဘေးရှိ မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းစိုက်ခင်းအတွင်း သဘာဝအတိုင်း လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်မည်
Published 13 January 2018

ဆင်စခန်းဖွင့်လှစ်မည့် ဘရန်းဒစ် ကျွန်းစိုက်ခင်းအတွင်း ဆင်စီး၍ လေ့လာနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်သစ်ထုတ်လုပ်ရေး)

ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ် စိုက်ပျိုးခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းစိုက်ခင်းအတွင်း သဘာဝအတိုင်း လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွန်းစိုက်ခင်းမှာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့အထွက် ဆရာအတတ်သင် ကျောင်းအနီး၊ ရန်ကုန်- ပြည် ကားလမ်းနံဘေးတွင် တည်ရှိကာ စိုက်ခင်းအတွင်း ဆင်စီး၍ လေ့လာနိုင်ရန်နှင့် သဘာ၀ တောတောင်အရသာ ခံစားနိုင်စေရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဒီဆင်စခန်းကနေ ကျွန်တော်တို့က ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ် စိုက်ပျိုးခဲ့တဲ့ ကျွန်းစိုက်ခင်းတွေကို လေ့လာလို့ရမယ်။ ဒီကျွန်းစိုက်ခင်းက နှစ်ပေါင်း ၁၆၀ ကျော်ခဲ့ပြီ။ စိုက်ခင်းထဲ တောတောင် သဘာဝကို ဆင်စီးပြီးလည်း လေ့လာလို့ရမယ်၊ ခြေကျင်လည်း လျှောက်နိုင်အောင် လုပ်ထားတယ်။ ဒီစိုက်ခင်းက မြန်မာနိုင်ငံမှာ ပထမဆုံး ကျွန်းကို ပျိုးထောင်ခဲ့တဲ့ စိုက်ခင်းဖြစ်ပါတယ်။ တော်တော်များများက လမ်းဘေးကပ်လျက်မှာပဲ ကျွန်းပင်တွေကို ကြည့်သွားကြတော့ ဘရန်းဒစ်စိုက်ခဲ့တဲ့ အပင်တွေက အပေါ်တောင်ပေါ်မှာပါ။ အဲဒီနေရာတွေကို လေ့လာလို့ရလာမယ်။ သဘာဝတောထဲမှာ သွားသလို အရသာကို ခံစားရမယ်။ နောက်ထပ် ဧရာဝတီမြစ်ထဲမှာ မော်တော်စီးရင်း လေ့လာလို့ရမယ့် နေရာတွေကိုလည်း လုပ်ထားပေးတာ ရှိပါတယ်” ဟု ပြည် သစ်လုပ်ငန်း လက်ထောက်အထွေထွေ မန်နေဂျာ ဦးတင်မင်းဦးက ပြောကြားသည်။

အဆိုပါ ကျွန်းစိုက်ခင်းကို ၁၈၅၇ ခုနှစ်တွင် စိုက်ပျိုးခဲ့ပြီး နှစ်သက်တမ်းအားဖြင့် နှစ် ၁၆၀ ကျော်ရှိပြီဖြစ်ကာ စတင်စိုက်ပျိုးခဲ့စဉ်က ကျွန်းပင် ၅၁၁ ပင် စိုက်ပျိုးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်အထိ စုစုပေါင်း စိုက်ဧက ၇၈ ဧက၊ ကျွန်းပင်ပေါင်း ၃၅၀၃ ပင်အထိ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွန်းစိုက်ခင်းအတွင်း ဆင်စီးလေ့လာမည်ဆိုပါက စခန်းဝင်ကြေး ကျပ် ၅၀၀၊ ခရီးတိုအတွက် ဆင်စီးခ ကျပ် ၅၀၀၀၊ ခရီးရှည် ကျပ် ၁၀၀၀၀ ကုန်ကျမည်ဖြစ်ကာ ခရီးရှည်ဆင်စီးမည်ဆိုပါက ဓာတ်ပုံရိုက်ခြင်း လေ့လာကြည့်ရှုခြင်းများ အပါအဝင် တစ်နာရီကျော်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ဆင်စခန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၀ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent