ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံနေရာအချို့တွင် လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရ

ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံနေရာအချို့တွင် လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရ
Published 12 January 2018

ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံနေရာအချို့တွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၅၆ မိနစ်၊ ၂၃ စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက်ဘက် ၁၀၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ ဒသမ ဝအဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

“အခုလှုပ်သွားတဲ့ ငလျင်က ၁၀ ကီလို မီတာပဲရှိတယ်။ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်တယ်။ သုံးခါရှိပြီ အဲ့ပတ်ဝန်းကျင်လောက် ပဲ ငလျင်တွေထက်လှုပ်တာဖြစ်တယ်။ နောက်ဆက်တွဲ ငလျင်တွေကလည်း ရစ်ချ်တာစကေး ၅ ဒသမ ၃ လောက် အင်အားလောက်ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့တော့ ၁၀ မိုင်လောက် ဝေးတယ်။ အဲ့နားလေးမှာ ပဲခူးရိုးမ အနောက် ပြတ်ရွေ့လည်းရှိတယ်။ စစ်ကိုင်းပြတ်ရွေ့မှာ လှုပ်တာလား ပဲခူးရိုးမ အနောက်ပြတ်ရွေ့မှာ လှုပ်တာလားဆိုတာကိုတော့ သေချာပြန် ကြည့်ရမယ်။ လောလောဆယ်တော့ အဲဒီမြို့ အနီးအနားက လူတွေ တော်တော်သိလိုက်ရတယ်။အင်အားက ၆ လောက်ဆိုတော့ နောက် ဆက်တွဲငလျင်တွေကိုလည်း ဆက်ပြီး သတိပြုရဦးမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောသည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့်နောက်ဆက်တွဲငလျင်များ သတိထားရန်လိုပြီး အဆိုပါနေရာအနီးတွင် ဖြူးဆည်၊ ကွန်းချောင်းတမံများ ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှလည်း ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်မှုအား နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ရန်ကုန်တိုင်းအတွင်း တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင် အစရှိသည့် မြို့နယ်အများစုတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများကို အသေးစိတ်မသိရှိသေးကြောင်းသိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ်ချ် တာစကေးမှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ်လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာ စကေး ၅ မှ ၅ ဒသမ ၉ အထိလှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့် ပျက်စီးမှုအနည်းအငယ်ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာ စကေး ၇ ဒသမ ၆ နှင့် အထက်လှုပ်ခတ်သော ငလျင်ကိုအား အလွန်ပြင်းအဖြစ်သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်း ငလျင်အထိလှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ကြောဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင် လှုပ်ခတ်ခဲ့သည်ရှိသော် အထက်အောက်လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုများကို ပို၍ ခံစားရမည့်အပြင် ပို၍ထိခိုက်ပျက်စီးမှုများ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးတို့ တွင် ယခုကဲ့သို့ အင်အားပြင်းထန်သော ငလျင်ကြီးများလှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ် ကြီးများစွာ ကျရောက်နိုင်ကြောင်း သိရှိရသည်။

Most Read

Most Recent