YBS ဘတ်စ်ကားများတွင်အသုံးပြုမည့် ငွေပေးချေမှုစနစ်ကို တင်ဒါအောင် Excel KC Myanmar Co.,Ltd က အကောင်အထည်ဖော်မည်

YBS ဘတ်စ်ကားများတွင်အသုံးပြုမည့် ငွေပေးချေမှုစနစ်ကို တင်ဒါအောင် Excel KC Myanmar Co.,Ltd က အကောင်အထည်ဖော်မည်
Published 12 January 2018

YBS အမှတ် (၆၂) ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦး ပုံးထဲသို့ ယာဉ်စီးခထည့်နေစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

YBS ဘတ်စ်ကားများတွင် အသုံးပြုမည့် ငွေပေးချေမှုစနစ်အတွက် တင်ဒါအောင်မြင်သည့် Excel KC Myanmar Co.,Ltd က အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့၏ ဇန်နဝါရီ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YPS (Yangon Payment Service) အတွက် တင်ဒါခေါ်ယူရာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က အဆိုပြုလွှာ ဆန်ခါတင်ရွေးချယ်ခံရသော ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့၏ YPS တင်ဒါရွေးချယ်ရေး အစည်းအဝေးကိုကျင်းပရာ(RFS-013A) Excel KC Myanmar Co.,Ltd  အား တင်ဒါ အောင်မြင်သူအဖြစ် ရွေးချယ်လိုက်သည်။

ထုတ်ပြန်ချက်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်စာတမ်းညှိနှိုင်းမှုအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပြယ်ခြင်းရှိပါက ကျန်ရှိသည့် ဆန်ခါတင်ကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ်သွားမည်ဟု ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ YPS (Yangon Payment Services) အတွက် တင်ဒါများခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းသူ ၂၁ ဦးအနက် ဒုတိယအဆင့် တင်ဒါအောင်မြင်သူများစာရင်းကို ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ထုတ် ပြန်ခဲ့သည်။

YBS တင်ဒါအတွက် တင်ဒါ ဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုအနက် Any Pay, Asia Starmar  နှင့် Excel KC Myanmar ကုမ္ပဏီသုံးခုအား  Yangon Pay-ment Services (YPS) တင်ဒါအတွက် အဆိုပြုလွှာ စကာတင်အဖြစ် ရွေးချယ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့၏ ဒီဇင်ဘာ ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်ဘတ်စ်ကားများတွင် အသုံးပြုမည့် ငွေပေးချေစနစ်အတွက် တင်ဒါဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုအား ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင် လူတွေ့စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စကာတင် အရွေးချယ်ခံရသည့် ကုမ္ပဏီ သုံးခုစာရင်းအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent