<

ရာထူးမှနုတ်ထွက်ခဲ့သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီက လုပ်ငန်းတာဝန်များ လွှဲပြောင်းပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရာထူးမှ နုတ်ထွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ၀န်ကြီး ချုပ်ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းနှင့် ထွက်ပေါ်နေသည့် ကောလာဟလများအတွက် ဇန်န၀ါရီ ၁၅ ရက် လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် အသစ်ထပ်မံခန့်အပ်မည့် ၀န်ကြီးချုပ်အသစ်ကို လုပ်ငန်းတာဝန်များ လွှဲပြောင်းပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ လမ်းပန်းနှင့်စက်မှုဝန်ကြီး ဦးဝင်းဌေးက ဇန်န၀ါရီ ၁၁ ရက် နံနက်တွင် ပြုလုပ်သည့် ၀န်ကြီးချုပ်မန်းဂျော်နီ တက်ရောက်ခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ၊ ဆက်လက်လုပ်ဆောင်ရမည့် အရာများအတွက် ညှိနှိုင်းအစည်းအဝေးအပြီးတွင် မီဒီယာများသို့ သတင်းထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဦးဝင်းဌေးက “တနင်္လာနေ့ လွှတ်တော်ပြီးသွားပြီဆိုလို့ရှိရင် ၀န်ကြီးချုပ်ကြီးက သေသေချာချာ ဂဃနဏနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပေးမယ်တဲ့ သေချာကို လုပ်ပေးမယ်။ ၀န်ကြီးချုပ်ကြီးကိုယ်တိုင် သေချာရှင်းလင်းပေးမယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရမည့် အရာများအတွက် ညှိနှိုင်းအစည်းအဝေး အပြီးတွင် ပြောကြားသည်။

ဝန်ကြီးချုပ် မန်းဂျော်နီက အထက်ပါ အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ၎င်းရာထူးမှ အနားယူပြီးချိန်တွင် ရှေ့ဆက်လုပ်ငန်းစဉ်များကို ရိုးသားဖြောင့်မတ်စွာ ဆက်လက်လုပ်ဆောင်ကြရန်နှင့် ၎င်းရာ ထူးမှ နုတ်ထွက်ရခြင်းမှာ မည်သည့်ပြဿနာမျှ မရှိကြောင်းကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို မှာကြားခဲ့ကြောင်း ၎င်း၏ Facebook Page ဖြစ်သော မန်းဂျော်နီ Facebook Page တွင် ဗီဒီယိုဖိုင်တစ်ခု လွှင့်တင်ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ ပြောကြရမယ်ဆိုလို့ ရှိရင်တော့ အားလုံးဟာ ကျွန်တော်တို့ ဦးဘဟိန်းတို့ မရှိတော့ပေမဲ့၊ ဒီရာထူးကနေပြီးတော့ ခွာသွားတော့ပေမဲ့ ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်ကြပါ။ ခါတိုင်း ကျွန်တော် ပြောသလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြပါ။ အဲဒီနောက်မှာ ရိုးသားဖြောင့်မတ်မှုပါလို့ရှိရင် ကျွန်တော်တို့က No Problem ဘာပြဿနာမှ မတက်ပါဘူး။ အဲဒါပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျန်တဲ့အစိတ်အပိုင်းအရေးကြီးတဲ့ ကဏ္ဍလေးတွေပဲ ဆက်ဆွေးနွေးမယ်ပေါ့နော်” ဟု ၀န်ကြီးချုပ် မန်းဂျော်နီက ပြောကြားခဲ့ကြောင်း ၎င်း၏ Facebook Page စာမျက်နှာတွင် လွှင့်တင်ထားသည့် ဗီဒီယိုဖိုင်အရ သိရသည်။

ဝန်ကြီးချုပ် နုတ်ထွက်ရသည့် အကြောင်းရင်းနှင့် ပက်သက်၍ ပြည်တွင်းသတင်းဌာန တစ်ခုက ၀န်ကြီးချုပ်သည် ရိုးသားသူတစ်ဦးဖြစ်သော်လည်း ထက်မြက်သူတစ်ဦးမဟုတ်ခြင်း၊ ဆွေမျိုးများ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် ၎င်း၏နေရာတွင် ထက်မြက်သည့် အမျိုးသမီးတစ်ဦးနှင့် အစားထိုးရန်ရှိကြောင်း NLD အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်ဟု ပြည်တွင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားပြီး ၀န်ကြီးချုပ် မန်းဂျော်နီ၏ သားဖြစ်သူ စောမင်းထိုက်ကျော်က အဆိုပါ သတင်းဌာနသို့ ကန့်ကွက်ကြောင်း စာပို့ထားခဲ့ကြောင်း၊ ယင်းသို့စာပေးပို့ထားမှုကြောင့် အထက်ပါ စွပ်စွဲရေးသားထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့သော်လည်း ပြင်ဆင်ချက် ထည့်သွင်းပေးခြင်း မရှိသေးကြောင်း၊ ၀န်ကြီးချုပ်မန်းဂျော်နီမှာ အငြိမ်းစား ပညာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုင်ငံ့တာဝန်များကို ရိုးသားစွာ ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သောကြောင့် သတင်းဖော်ပြချက်မှာ မိသားစုဂုဏ်သိက္ခာ ထိခိုက်မှုများရှိနေကြောင်း ၎င်း၏ Facebook စာမျက်နှာဖြစ်သော Saw Min Htike Kyaw အကောင့်တွင် ရေးသား ဖော်ပြထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၌ လက်ရှိတွင် ၀န်ကြီးချုပ်ရာထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးတစ်နေရာ လစ်လပ်လျက်ရှိနေပြီး အဆိုပါနေရာများကို ပြန်လည်ခန့်ထားရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသာမက နိုင်ငံရေး လေ့လာဆန်းစစ်သူများကပါ စိတ်ပါဝင်စားစွာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

January 11, 2018














Copy Protected by Chetan's WP-Copyprotect.