<

မြ၀တီမြို့ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းတွင် အိမ်ထောင်သည် ရဲမေတစ်ဦး သေဆုံးနေသည်ကို အပုပ်နံ့ထွက်လာမှ သိရ

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၃၅၅ ခြေမြန်တပ်ရင်းရှိ ခြောက်ခန်းတွဲ လိုင်းခန်းတွင် အမျိုးသမီး ရဲမေတစ်ဦး သေဆုံးနေသည်ကို ဇန်န၀ါရီ ၁၀ ရက်က ပတ်ဝန်းကျင်သို့ အပုပ်နံ့ထွက်လာမှ သိရသည်။

အခင်းဖြစ်ရာ တပ်ရင်းအတွင်း မြ၀တီမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ခွင့်ပြုချက်ရယူ၍ သင်္ဃန်းညီနောင်ရဲစခန်းမှူး ရဲအုပ်မြ၀င်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါတပ်ရင်းသို့ သွားရောက်စစ်ဆေးရာ ၎င်းတပ်ရင်း ခြောက်ခန်းတွဲလိုင်း ထိပ်ဆုံးအခန်းတွင် ဒုတပ်ကြပ်ကျော် ဆန်းနိုင်၏ဇနီး ဒေါ်ဝင်းဝင်းခိုင် (၄၃ နှစ်) သည် အခန်းအတွင်း ပက်လက်အနေအထားဖြင့် စောင်များခြုံထားလျက် သေဆုံးနေပြီး အပုပ်နံ့များ ထွက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ ဒေါ်ဝင်းဝင်းခိုင်၏ ကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရသဖြင့် အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရဲမှုခင်းဆေးစာဖြင့် မြ၀တီပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့သည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဒုတပ်ကြပ် ကျော်ဆန်းနိုင်သည် ရဲတပ်ဖွဲ့မှ စစ်ဆေးသည့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီခန့်က သားဖြစ်သူနှင့် တပ်ပြင်သို့ ထွက်ခွာသွားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် အလောင်းအား နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် မြ၀တီဆေးရုံကြီးသို့ တင်ပို့စစ်ဆေးလျက်ရှိပြီး ဒုတပ်ကြပ်ကျော်ဆန်းနိုင်အား အမှုဖြင့် စစ်ဆေးနိုင်ရေးအတွက် ခမရ ၃၅၅ တပ်မှ တာဝန်ရှိသူများက အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေါ်ဝင်းဝင်းခိုင် သေဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းညီနောင်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။