မိုးများခြင်းနှင့် ဂက်စ်တာဘိုင်အသစ်သုံးခု တည်ဆောက်ထားခြင်းကြောင့် လာမည့်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်မည်ဟုဆို

မိုးများခြင်းနှင့် ဂက်စ်တာဘိုင်အသစ်သုံးခု တည်ဆောက်ထားခြင်းကြောင့် လာမည့်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်မည်ဟုဆို
Published 12 January 2018

နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသော လစဉ်သတင်းထုတ်ပြန် ရှင်းလင်းသည့် အခမ်းအနားကို တွေ့ရစဉ်

ယခုနှစ်တွင် မိုးများခြင်းနှင့် ဂက်စ်တာဘိုင်အသစ်သုံးခု တည်ဆောက်ထားနိုင်ခြင်းကြောင့် လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ပြောကြားသည်။

နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသော လစဉ်သတင်းထုတ်ပြန် ရှင်းလင်းသည့် အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီနှစ် အခြေအနေ ထူးခြားတာတစ်ခုက ဂက်စ်တာဘိုင်သုံးခု အသစ်ရတယ်။ ရေတွေစုနိုင်တယ်။ ဒီနှစ်မှာ မိုးကလည်း ခါတိုင်းထက် ပိုများတယ်။ များတဲ့ရေကို မသုံးဘူး။ အရင်က မိုးတွင်းမှာ ရေအားကို အများကြီးထုတ်တယ်။ ဒီနှစ်မှာ ဒုဝန်ကြီးလမ်းညွှန်ချက်အရ ရေအားကို ရေဝင်သလောက်ပဲမောင်းတယ်။ ဆိုလိုတာက နွေရာသီမှာ ရေ Level အမြင့်နဲ့ကျန်ခဲ့မယ်” ဟု ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးဦးသန်းနိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအသုံးအနေဖြင့် ထုတ်လုပ်ခဲ့သည်မှာ မဂ္ဂါဝပ် ၂၆၁၀ ရှိပြီး လာမည့်နွေရာသီတွင် ထုတ်လုပ်မှုစုစုပေါင်း မဂ္ဂါဝပ် ၃၅၀၀ ကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ မှန်းထားတာက ၃၅၀၀ အကျော်မှာရှိမှာပါ။ ဒီနှစ်နွေရာသီအထိကိုတော့ လုပ်ထားတာနဲ့ ကာမိပါတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် ရေအားလျှပ်စစ်ကို ရေချွေတာ ထုတ်လုပ်နေသကဲ့သို့ ရန်ကုန်မြို့ရှိ သာကေတ ၁၀၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ သထုံဓာတ်အားပေးစက်ရုံများ မကြာမီ ပြီးစီးမည်ဖြစ်သည့်အတွက် နွေရာသီအမီ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မနှစ်က ရန်ကုန်မှာပေးနေတဲ့ သာကေတစက်ရုံအစား ဒီစက်ကို လည်လိုက်မယ်ဆိုရင် တစ်ရုံတည်းကနေ မနှစ်က နွေရာသီထက် ဒီနှစ်နွေရာသီမှာ ၇၀ မဂ္ဂါဝပ် ပိုရမယ်။ မြင်းခြံက ၂၂၅ မဂ္ဂါဝပ်ပိုရမယ်။ သထုံ စီမံကိန်းက ဧပြီလောက်မှာပြီးရင် ၇၀ လောက် ပိုရမယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။