မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသရှိ ရိတ်သိမ်းသူမဲ့ စပါးဧက ၈၀၀၀ ကျော် ရိတ်သိမ်းပြီးနောက် စပါးရိတ်သိမ်း၊ ရောင်းချခြင်းများကို ရပ်ဆိုင်းထား

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသရှိ ရိတ်သိမ်းသူမဲ့ စပါးဧက ၈၀၀၀ ကျော် ရိတ်သိမ်းပြီးနောက် စပါးရိတ်သိမ်း၊ ရောင်းချခြင်းများကို ရပ်ဆိုင်းထား
Published 12 January 2018

ရခိုင်ပြည်နယ်မှ ရိတ်သိမ်းပြီး စပါးများအား တွေ့ရစဉ်

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသရှိ ရိတ်သိမ်းသူမဲ့ စပါးဧက ၈၀၀၀ ကျော်ကို ရိတ်သိမ်းပြီးနောက် စပါးရိတ်သိမ်း၊ ရောင်းချခြင်းများကို ရပ်ဆိုင်းထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ ရိတ်သိမ်းသူမဲ့စပါးများကို အလေအလွင့်မရှိအောင် အစိုးရအဖွဲ့က အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အချိန်အခါ နှောင်းလာခြင်းနှင့် ရာသီဥတု အခြေအနေများကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က စတင်ကာ ရိတ်သိမ်းခြင်းကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ အလားတူ ထွက်ရှိလာသည့်စပါးများကို ရခိုင်ပြည်နယ်အတွင်းမှ လုပ်ငန်းရှင်နှစ်ဦးအား စာချုပ်ချုပ်ဆို ရောင်းချခဲ့ပြီး လက်ရှိတွင် စပါးရိတ်သိမ်းခြင်း ရပ်ဆိုင်းလိုက်သည့် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ ဝယ်ယူခြင်း၊ ရောင်းချခြင်းကိုပါ ခေတ္တခဏရပ်ဆိုင်းလိုက်ကြောင်းနှင့် ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်းမှာလည်းထွက်ရှိ စပါး၊ ရိတ်သိမ်းဧကနှင့် ရောင်းချထားသည့်စပါးများ၏ စာရင်းများ စနစ်တကျဖြစ်စေရေး ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

စပါးရိတ်သိမ်းရောင်းချမှု ရပ်ဆိုင်းထားသည့် အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆည်မြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးကျော်လွင်က “ကျွန်တော်တို့ကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသမှာ ရိတ်သိမ်းသူမဲ့စပါးတွေကို ကျွန်တော်တို့အစိုးရအဖွဲ့က အလေအလွင့် မရှိအောင် ရိတ်သိမ်းခဲ့ပါတယ်။ အခုတော့ အချိန်အခါလည်း နှောင်းလာတယ်။ ရာသီဥတု အခြေအနေကလည်း မကောင်းဆိုတော့ ဒီဇင်ဘာ ၂၅ ရက်ကစပြီး အဲဒီစပါးတွေကို ရပ်ဆိုင်းထားဖို့အတွက် ညွှန်ကြားထားပါတယ်။ အဲဒီနေ့ကစပြီးတော့ ရိတ်သိမ်းခြင်း လုပ်ငန်းကို မလုပ်တော့ပါဘူး။ အဲဒီ ဒီဇင်ဘာ ၂၅ ရက်ကတည်းက ရိတ်သိမ်းတာတွေရော ဝယ်ယူတာတွေကိုပါ အကုန်လုံးကို ရပ်လိုက်ပါတယ်။ ပြီးတော့ ထွက်ရှိတဲ့စပါးတွေ၊ ရိတ်သိမ်းဧကတွေ၊ ရောင်းထားတဲ့ဟာတွေကို စာရင်းစနစ်တကျဖြစ်အောင်အတွက် ခေတ္တခဏ ရပ်ထားခြင်းဖြစ်ပါတယ်။ ရိတ်သိမ်းတာကတော့ ဧက ၈၀၀၀ ကျော်လောက် ရိတ်သိမ်းခဲ့ပါတယ်။ ဒီဘက်က စစ်တွေက ဆန်စပါးလုပ်ငန်းရှင်အသင်းဖြစ်တဲ့ ဦးရွှေထွန်းအောင်နဲ့ မောင်တောက လုပ်ငန်းရှင်ဖြစ်တဲ့ ဦးအောင်မြင့်သိန်းနှစ်ယောက်ကို ကျွန်တော်တို့စာချုပ်စာတမ်းနဲ့ ရောင်းပါတယ်” ဟု ပြောကြားသည်။

မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်ဒေသမှ ရိတ်သိမ်းသူမဲ့စပါးများအား အစိုးရက တာဝန်ယူရိတ်သိမ်ပြီး ထွက်ရှိလာသည့်စပါးများကို Family Aye Chan ကုမ္ပဏီနှင့် ရခိုင်ဆန်စပါးအသင်းတို့ကို စပါးတင်း ၁၀၀ ကို ငွေကျပ်သုံးသိန်းတစ်သောင်းနှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး Family Aye Chan ကုမ္ပဏီမှ ဦးအောင်မြင့်သိန်းက ဒီဇင်ဘာ ၂၅ ရက်ကစလို့ စပါးရောင်းတာ ဝယ်တာကို ရပ်ဆိုင်းလိုက်ပါတယ်။ ဘာကြောင့် စပါးရောင်းတာဝယ်တာ ရပ်သွားတယ်ဆိုတာတော့ ကျွန်တော့်အထင်ကတော့ စပါးတွေကို စုဆောင်းရောင်းချတယ်။ စာရင်းဇယားပိုင်းကို ခိုင်မာအောင်နဲ့ ဝယ်ယူမှု၊ စုဆောင်းမှုကို ပိုပြီးသေချာအောင်လုပ်ဖို့အတွက် ရပ်ထားတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားသည်။

သတင်းထုတ်ပြန်ရေးကော်မတီ၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ရိတ်သိမ်းခြွေလှေ့ပြီး ထွက်ရှိလာသော မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကို ဘဏ်တွင် အကောင့်တစ်ခုဖွင့်လှစ်၍ နိုင်ငံတော်မှ ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရရှိလာသည့် ငွေကြေးများကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးချမည် မဟုတ်ဘဲ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ပါရှိသည်။

မောင်တောမြို့နယ် ကျေးရွာဒေသအလိုက် နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်း၍ မောင်တောဒေသအတွင်းရှိ မိုးစပါး စိုက်ပျိုးထားသည့် ဧက ၄၅၂၈၆ အတွင်းရှိ မိုးစပါးများကို အောက်တိုဘာ ၂၈ ရက်မှစ၍ ရိတ်သိမ်းခြွေလှေ့စက် ၄၄ စီးဖြင့် လတ်တလော ရင့်မှည့်နေသော မိုးစပါးများကို အလေအလွင့် ဖြစ်မသွားစေရန် ရိတ်သိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရိတ်သိမ်းပြီး စပါးများကို သိုလှောင်ထိန်းသိမ်းရာတွင် အခက်အခဲများ ရှိနေသဖြင့် ဒေသန္တရဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပြီး စပါးရောင်းရငွေများကို ထိန်းသိမ်းထားရှိရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent