ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများ မပြုလုပ်ဘဲ တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်မည်

ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများ မပြုလုပ်ဘဲ တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်မည်
Published 11 January 2018

ရခိုင်ပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများကို ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆိုင်ရာ သို့မဟုတ် နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများကို မပြုလုပ်ဘဲ ထိုအဖွဲ့အစည်းများအားလုံး တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအားလုံး၌ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ကျား/မဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ ဆေးကုသခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံများနှင့် ကျန်းမာရေးဌာနများအားလုံးသို့ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွားရန်ရှိကြောင်း၊ ရွေ့လျားဆေးအဖွဲ့များဖြင့် ဆေးကုသပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အာဟာရ စောင့်ရှောက်မှုပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စသည့်လုပ်ငန်းများ) ဆောင်ရွက်ရာ၌လည်း ခွဲခြားမှုမျိုးမရှိစေရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အောက်ခြေအဆင့်များ အားလုံးသို့ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုလူ့အဖွဲ့အစည်းများအားလုံး တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသ ခံယူခွင့်များရှိသည်ဟူသော အချက်ကို အများပြည်သူ သိရှိကြစေရန်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းများအား အသိပေးသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ဆေးကုသမှု လိုအပ်သော ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသစေရေးအတွက် ရပ်ကွက်ကျေးရွာများအတွင်း အသိပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆေးရုံ၊ ကျန်းမာရေးဌာနတိုင်း၌လည်း “ဆေးကုသမှုခံယူနိုင်ခြင်း အသိပေးကြေညာချက်” ကို ချိတ်ဆွဲနိုင်ရေးအတွက် အဆင့်ဆင့် တင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ပြီး အဆိုပါ အသိပေး ကြေညာချက်ကို ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနအားလုံး၌ ချိတ်ဆွဲသွားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နားဆင်နိုင်သော မေယု FM ရေဒီယို၌လည်း ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော မည်သူမဆို ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆိုင်ရာ သို့မဟုတ် နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများကို မပြုလုပ်ဘဲ ဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ရွေ့လျားဆေးအဖွဲ့များ၏ ယာယီဆေးခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ကြောင်း အသိပေးခြင်းကို ပုံမှန်ထုတ်လွှင့်သွားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

‘ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့်လူထုအား ပြန်လည်လက်ခံခြင်းနှင့် ပြန်လည်နေရာချထားခြင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စီမံချက်’ ကို ရေးဆွဲထားပြီး စီမံချက်ပါ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော ရန်ပုံငွေရရှိ ထောက်ပံ့ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent