စစ်ကိုင်းမြို့နယ် တလိုင်းရွာ ဆယ်အိမ်မှူး ရွေးချယ်ပွဲ၌ အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်သည့် ၅၃ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးရမိ

စစ်ကိုင်းမြို့နယ် တလိုင်းရွာ ဆယ်အိမ်မှူး ရွေးချယ်ပွဲ၌ အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်သည့် ၅၃ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးရမိ
Published 11 January 2018

စစ်ကိုင်းမြို့နယ် တလိုင်းရွာ ဆယ်အိမ်မှူးရွေးချယ်ပွဲ၌ အမျိုးသမီးတစ်ဦးအား ဓားဖြင့်ခုတ်သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကိုင်းမြို့မ ရဲစခန်းမှ သိရသည်။

ဇန်နဝါရီ ၉ ရက် ညနေ ၅နာရီခန့်က စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာအရှေ့ပိုင်း ဦးဇော် (ခ) ဦးအောင်ဇော် (ဆယ်အိမ်မှူး )နေအိမ်တွင် ကြီးကြပ်ရေးမှုး ဦးကျော်မြင့်ပါ ငါးဦးနှင့် တလိုင်းကျေးရွာ ရပ်ကျေးစာရေး ဒေါ်ခင်အုံးမြင့်တို့မှ ဆယ်အိမ်မှူးရွေးချယ်ရန်အတွက် လူစုနေစဉ် တစ်ရွာတည်းနေ ဦးကံကြီးမောင်က လူဦးရေစာရင်း လာရောက်မေးမြန်းပြီး ၎င်း၏ခမည်းခမက်ဖြစ်သူ ဦးလှဆွေနှင့် သမက်ဖြစ်သူ ကိုဖိုးလုံးတို့အား ဆယ်အိမ်စုအဖွဲ့တွင် မထည့်နိုင်ကြောင်း ကန့်ကွက်ပြောဆိုရာမှ ဦးဇော် (ခ) ဦးအောင်ဇော်၏ဇနီး မဆွေလင်း (၄၃ နှစ်) နှင့် စကားများပြီး မဆွေလင်းက နေအိမ်အပြင်ဘက်သို့ ထွက်လာရာ ဦးကံကြီးမောင်က ဓားရှည်ဖြင့် ခုတ်လိုက်သောကြောင့် ယာဘက်လက်ညှိုး ပြတ်ရှဒဏ်ရာ၊ ယာဘက်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) အသီးသီးရရှိသဖြင့် ညနေ ၆ နာရီတွင် ဒဏ်ရာရရှိသူအား စစ်ကိုင်းဆေးရုံကြီးသို့ တလိုင်းနာမှုကူညီရေးကားဖြင့် ပို့ဆောင်ခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

“သူက NLD ပါတီဝင် ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ ပါတီလှုပ်ရှားမှုတွေမှာတော့ သူအမြဲပါဝင်ခဲ့ပါတယ်။ ကျွန်တော့်အမျိုးသမီးက လူကြီးတွေစီစဉ်တာကို ဘာကိုမကျေနပ်တာလဲပြောတော့ စကားများကြပါတယ်။ ကျွန်တော့်အမျိုးသမီး အိမ်အပြင်ရောက်တော့ သူထားခဲ့တဲ့ ဓားရှည်နဲ့ လည်ပင်းကိုပိုင်းတယ်။ လက်နဲ့ဖမ်းလိုက်လို့ ကံကောင်းသွားတာပါ။ ဓားရှည်နဲ့ သုံးချက် ခုတ်ပါတယ်။ ညာဘက်လက်ကတော့ ပြတ်လုနီးနီး ဖြစ်ခဲ့တယ်” ဟု ဓားဖြင့်အခုတ်ခံခဲ့ရသည့် မဆွေလင်း၏ခင်ပွန်း ဦးဇော် (ခ) ဦးအောင်ဇော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ခုတ်၍ ဒဏ်ရာရရှိစေသူ ဦးကံကြီးမောင် (၅၃ နှစ်) စစ်ကိုင်းမြို့နယ် တလိုင်းရွာနေထိုင်သူအား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ) ၁၄/ ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Most Read

Most Recent